Friday

မတရားမှုအတွက် တရားမျှတမှု (အပိုင်း - ၁)

နေပြည်တော်ဘခက်

သူအိမ်ကိုပြန်ရောက်တော့ တော်တော်မှောင်နေပြီ။ မီးပျက်နေလို့ လှေခါးပေါ်ကို မနည်းသတိထားပြီးတက်ခဲ့တယ်။ ခါတိုင်း ခွေးတွေက အခန်းဝမှာ ပစ်ထားတဲ့ စားကြွင်းစား ကျန်တွေစားပြီး အိပ်နေကျလေ။ အခုလိုလူတက်လာပြီဆိုရင် အလန့်တကြားနဲ့ ပြေးဆင်း တတ်တော့ ကိုယ့်ကို မတိုက်မိ မကိုက်မိအောင်လည်း သတိထားရှောင်နေရတယ်။ ဒါပေမယ့် ဒီနေ့ ခွေးတကောင်မှ မရှိလို့ စိတ်အနှောင့်အယှက်မဖြစ်မိဘူး။

ရန်ကုန်တိုက်ခန်းတွေရဲ့ သဘာဝက ကန်ထရိုက်ရဲ့ အလိုတော်ကျအတိုင်း လှေကား ခန်းတွေက ကျဉ်းလွန်းလှတယ်။ ဒီကြားထဲမှာမှ ကွမ်းသွေးတွေ၊ အနံ့အသက်ဆိုးတွေနဲ့ ညစ်ပတ်ပေရေနေတတ်တာကိုက ရန်ကုန်တိုက်ခန်းတွေရဲ့ အမှတ်အသားတခုပါပဲ။ ဒါပေ မယ့် သူရွေးချယ်ထားတဲ့ပတ်ဝန်းကျင်က ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်ရှုပ်ရှက်ရှက်သိပ်မရှိလှ တာကြောင့် ဒီအခန်းကိုတော့ တော်တော်သဘောကျမိတယ်။ ဘေးချင်းကပ်ရက်အခန်းက ရပ်ကွက်ရုံးက အတွင်းရေးမှူးအခန်းဆိုတော့ သူ့ကို ခဏလေးနဲ့ တည့်အောင်ပေါင်းလိုက် ပြီး ဧည့်စာရင်းတွေ ဘာတွေကိုလည်း သူ့ကိုပဲ လုပ်ခိုင်းလိုက်တယ်။ ဧည့်စာရင်းလည်း တခါမှ အစစ်မခံရတော့သလို အိမ်ထဲကိုလည်း ဘာ့အတွက်နဲ့မှ စပ်စပ်စုစုလုပ်တာလည်း မခံရတော့ဘူး။

အဲဒါကိုက သူ့အတွက် အကွက်ကောင်းတခုပါပဲ။ အပြင်ပန်းမှာတော့ သူဟာ ကျွန် ပျူတာပြင်တဲသူ၊ freelance ကျွန်ပျူတာသမားတယောက်ပေါ့။ အလုပ်အပ်တဲ့သူရှိရင် လိုက်ပြင်ပေးတယ်၊ ဒါမှမဟုတ် အချိန်ယူပြီးပြင်ရမှာမျိုးတွေကျရင် အိမ်ကို စက်သယ်လာ ပြီး ပြင်ပေးတယ်။ ပြီးတာနဲ့ သူ့ဖောက်သည်တွေဆီ အိမ်တိုင်ရာရောက် ပို့ပေးလိုက်တာမျိုး ပါ။ တကယ်တော့ သူတို့ရဲ့အလုပ်က နယ်စပ်တနေရာမှာ ခြေကုပ်ယူထားပြီး ဘယ်အဖွဲ့ အစည်း၊ ဘယ်နိုင်ငံနဲ့မှ မပတ်သက်ဘဲ သီးသန့်တည်ထောင်ထားတဲ့ နအဖ စစ်အာဏာရှင် အုပ်စုကို ဆန့်ကျင်တိုက်ခိုက်တဲ့ အဖွဲ့ငယ်လေးတခု။ အခုလောလောဆယ်တော့ ရန်ကုန်မြို့ ၀န်းကျင်အတွက် သူက အဖွဲ့ခေါင်းဆောင်တာဝန်ယူထားရတယ်။

ပထမတော့ သူတို့အဖွဲ့က အာဏာရှင်ကိုဆန့်ကျင်ဖို့အတွက် စာစောင်တွေ စာရွက်စာတမ်းတွေ ထုတ်ဝေတာမျိုးလောက်ပါပဲ။ ဒါပေမယ့် နောက်ပိုင်းတော့ အာဏာရှင်ဆိုတဲ့အတိုင်း အကြမ်းဖက်မှုတွေလုပ်လာခဲ့တဲ့အခါမှာတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန့်ကျင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့တာနဲ့ သူတို့ ဒီလမ်းကိုပဲ ရွေးလိုက်ကြတော့တယ်။ အားလုံးပေါင်းမှ လူဦးရေ (၂၀) ပဲရှိတဲ့ သူတို့အဖွဲ့ဟာ အင်အားအများကြီးသာလွန်လှတဲ့ အာဏာရှင်စစ်အုပ်စုနဲ့ ဘယ်လိုမှ ထိပ်တိုက်တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူတို့မှ သစ္စာတရားရှိတယ်။ ယုံကြည်ချက်တွေရှိတယ်။ သတ္တိတွေရှိတယ်။ ခွန်အားတွေရှိတယ်။ ပြည်သူအတွက် ထားရှိတဲ့ ကောင်းမွန်မှန်ကန်တဲ့ စိတ်ထားတွေရှိတယ်။ တခုတော့ရှိတယ် သူတို့အလုပ်က ပြည်သူကို စည်းရုံးရေးဆင်းလို့မရဘူး။ လျှို့ဝှက်ပြီး လုပ်ရတဲ့အလုပ်လေ။

“တတီတီ . . .” နဲ့ သူ့ရဲ့ လက်ကိုင်ဖုန်းကမြည်လာတာကြောင့် သူကောက်ကိုင် လိုက်တဲ့အခါ သူနဲ့ အတူ ရန်ကုန်မှာရှိနေတဲ့ သူနဲ့ သူရဲဘော် (၄) ဦး အတွက်ပေးလိုက်တဲ့ ငွေတွေရောက်တဲ့အကြောင်းဖြစ်နေတယ်။ မနက်ဖြန် နေ့လည်ပိုင်း မှာ ယုဇနပလာဇာကို လာထုတ်ဖို့ ပြောတာကြောင့် လွယ်လွယ်ကူကူပဲ “ဟုတ်ကဲ့” လုပ်လိုက်တယ်။ သူတို့ အလုပ်က နှုတ်နည်းလေ ကောင်းလေမဟုတ်လား။ ဆိပ်ကမ်းသာ လမ်းထိပ်က၀ယ်လာတဲ့ ကုလားပဲသုတ်အထုပ်ကိုဖြေလိုက်ပြီး မီးမလာပေမယ့် တံခါးပိတ် ထားလို့ အေးနေဆဲ ရေခဲသေတ္တာထဲမှာ မနက်က ချန်ထားတဲ့ ကြက်သားကြော်ကို ထုတ်လိုက်တယ်။ သူ့ အတွက် ညနေစာက ဖွယ်ဖွယ်ရာရာမဟုတ်ဘူး။ အာဟာရပြည့်ရင်ပြီး ရောမဟုတ်လား။

မနက်ဖြန်အပ်ရမယ့် ကျွန်ပျူတာကို ပြင်ဖို့က ည (၁၁) နာရီလောက်မှ မီးက လာမှာမို့ အခုလောလောဆယ်တော့ သူငယ်ချင်းအီးမေးကတဆင့်ကူးလာတဲ့ လုပ်ဆောင်ရ မယ့်အချက်တွေကို pen drive ထဲကနေ သူ့လက်ဆွဲကွန်ပျူတာထဲထည့်ပြီး ဖတ်ဖို့ အရင် လုပ်ဦးမယ်လို့ တွေးမိတယ်။ မနက်ဖြန်မှာ လုပ်ရမယ့် အလုပ်တွေအတွက် ခေါင်းထဲမှာ အစီအစဉ်ချထားဖို့၊ အစီအစဉ်တွေကို အလွတ်ကျက်မှတ်ဖို့က အထူးလိုအပ်တယ်လေ။ မနက်ဖြန်မှာ အဖွဲ့ဝင်အမှတ် (၅) နဲ့တွေ့ရမယ်၊ ပြီးရင် သူတို့ ပစ်မှတ်ထားချေမှုန်းရမယ့် သုဝဏ္ဏက ဗိုလ်ချုပ်တယောက်ရဲ့ အိမ်အခင်းအကျင်းကို သွားလေ့လာရမယ်။ သူ့ရဲ့ အဖွဲ့ ၀င်အမှတ်က (၇) လေ။ ဂျိန်းစ်ဘွန်းလို ၀၀၇ မဟုတ်ပေမယ့် သူတို့အားလုံးထဲမှာ လက် နက်နဲ့ရော လက်နက်မဲ့ရော တိုက်ခိုက်သတ်ပုတ်တတ်ပြီး ပညာအရည်အချင်းကလည်း သမိုင်းအဓိကနဲ့ မဟာဘွဲ့ရထားသူဆိုတော့ သူ့ကို နံပါတ် (၇) တပ်ပေးလိုက်ကြတယ်။ ဒါပေမယ့် ရုပ်ရှင်ထဲကမင်းသားလိုတော့ ကျော့ကျောမော့မော့လှလှပမဖြစ်ခဲ့ဘူး။ အထူး သဖြင့်တော့ သူ့နှလုံးသားရေးမှာ ဂျိန်းစ်ဘွန်းလို မိန်းမချောလေးတွေနဲ့ တယောက်ပြီး တယောက်တွဲဖို့ထက် ဒီအလုပ်ကို လုပ်မယ်ဆိုကတည်းက သူအချစ်ရဆုံးချစ်သူကို မဆိုင် တဲ့ အကြောင်းပြချက်တခုနဲ့ စွန့်ခဲ့ရတာပါပဲ။ သိပ်ဝမ်းနည်းကြေကွဲဖို့ကောင်းပေမယ့် သူတို့ (၂) ဦးထက် သိပ်ပြီးဝမ်းနည်းဖို့ကောင်းတဲ့ မြန်မာပြည်တွင်းက ပြည်သူလူထု အတွက်က အရေးပိုကြီးတယ်မဟုတ်လား။

မိဘမဲ့နေတဲ့ သူ့ဘ၀အတွက် မြန်မာတပြည်လုံးက သူ့မိဘလို့ခံယူလိုက်တယ်။ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်လို့ သူတပါးအသက်သတ်တာ ငါးပါးသီလအရ မသင့်တော် ပေမယ့် သံဃာတော်တွေကိုတောင် ရက်ရက်စက်စက် သတ်ဖြတ်ပြီး ဘုရားပေါ်တောင် စစ်ဖိနပ်တွေနဲ့ တက်တဲ့ ယုတ်မာရိုင်းစိုင်းလှတဲ့အာဏာရူးတွေကို သုတ်သင်ဖို့ ဒီတလမ်းပဲ ရှိတော့တာမို့ သူ့စိတ်က သန့်ရှင်းစင်ကြယ်နေတယ်။ တကယ်တော့ အကြမ်းဖက်မှုဆိုတာ ကို သူအစဉ်တစိုက် ဆန့်ကျင်လာခဲ့တာပါ။ သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ တပည့်မို့ သမိုင်းဘာသာရပ်ကိုပဲ လေ့လာလိုက်စားပြီး ပညာရှင်သီးသန့်ပဲဖြစ်ချင်ခဲ့သူပါ။ “ကျောက္ကာနယ်က ဘုရားပုထိုးတွေရဲ့သမိုင်း” ဆိုတဲ့ကျမ်းနဲ့ မဟာဘွဲ့ရခဲ့ပြီး အဲဒီ ဘုရားတွေ ထဲက ပုဂံခေတ်နဲ့ ခေတ်ပြိုင် နံရံဆေးရေးပန်းချီတွေနဲ့ ပတ်သက်ပြီး အမေရိကန်က တက္က သိုလ်တခုမှာ ပါရဂူဘွဲ့အတွက် သုတေသနစာတမ်းတင်ဖို့ ပြုစုနေတာတောင် အတော်ပြီး နေပါပြီ။ ဒါပေမယ့် အာဏာရူးတွေလက်အောက်မှာတော့ သူဟာ သမိုင်းပညာရှင် ဖြစ်ခွင့် မရခဲ့တော့ဘူး။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်တွေလည်း မရှိမှတော့ အာဏာရှင်ကို လက် တုန့်ပြန် တိုက်ခိုက်တဲ့နည်းက အကောင်းဆုံးပဲလို့ သူရွေးချယ်လိုက်တယ်။ အဲဒါကတော့ အာဏာရှင်အုပ်စုတွေကိုရွေးပြီး လက်စားချေ သတ်ဖြတ်ပစ်ခြင်း ဆိုတာပါပဲ။ အသားလတ် လတ် အရပ်မြင့်မြင့်နဲ့သူ့ပုံစံက ရန်ကုန်သူဖြူဖြူချောချောလေးတွေအတွက် ရင်ခုန်ချင် စရာပါပဲ။ ဒါပေမယ့် သူ့နှလုံးသားကို သံမဏိတံတိုင်း ခတ်ထားတာကြောင့် သူ့နှလုံးသား ထဲမှာ ဆင်းရဲနုံချာလှတဲ့ မြန်မာပြည်သူတွေ၊ ထောင်တွေထဲမှာ အနှိပ်စက်မျိုးစုံခံနေရဆဲ ညီ အကိုမောင်နှမတွေ၊ ကျဆုံးသွားတဲ့ ဒီမိုကရေစီတိုက်ပွဲရဲ့ အာဇာနည်သူရဲကောင်းတွေ အတွက်ပဲ နေရာပေးထားလိုတယ်။ သူ့မှာ ချစ်သူကို ပွေ့ ပိုက်မယ့် နူးညံ့သိမ်မွေ့တဲ့ လက် ချောင်းတွေမရှိတော့ဘူး၊ အကြမ်းဖက်တဲ့ အာဏာရူးတွေကို ရက်ရက်စက်စက် ညှစ်သတ် မယ့် လက်ချောင်းတွေပဲရှိတော့တယ်။

သူဖတ်နေလေ့လာနေကျ သမိုင်းစာအုပ်စာတမ်းတွေအစား သူ့လုပ်ငန်းတွေ အတွက် သင့်တော်မယ်ထင်တဲ့ ကျွန်ပျူတာပြင်တဲ့အတတ်ကို သူတတ်အောင်လုပ်ခဲ့တယ်။ အဲဒီထက်အထူးပြုပြီးပြောရရင်တော့ ဖောက်ခွဲရေးပညာကို အထူးကျွမ်းကျင်နေအောင် လုပ်လိုက်တယ်။ ကျွန်ပျူတာပြင်တဲ့နေရာမှာသုံးတဲ့ ပစ္စည်းတွေက ဖောက်ခွဲရေးပစ္စည်းတွေ ပြုလုပ်ဖို့အတွက် အထူးသင့်တော်တယ်လေ။ သူ့ရဲ့ နေထိုင်ပုံ ပေါင်းသင်းဆက်ဆံပုံ ကလည်း ပိရိသေသပ်နေတော့အားလုံး အဆင်ပြေချောမွေ့နေတာ သိပ်တော့လည်း မဆန်းကျယ်လှဘူးလို့ ထင်စရာပါပဲ။ ဒါပေမယ့် ရန်ကုန်မြို့ရဲ့ကြောက်စရာ အကောင်းဆုံး လက်နက်က ပါးစပ်ပေါက်တွေပါပဲ။ ကြမ်းပိုးကို လိပ်ဖြစ်အောင်ပြောတတ်ပြီး ပတ်ဝန်းကျင် ကို အားအားယားယား လျှောက်စပ်စုနေတတ်တဲ့မြန်မာလူမျိုးတွေရဲ့ ပင်ကိုဗီဇကို တော် တော်သတိထားနိုင်မှ သင့်တော်မယ်လို့ သူယူဆမိတယ်လေ။ အရင့်အရင်က မအောင်မြင် ခဲ့တဲ့ တော်လှန်ရေးသမိုင်းတွေကို နမူနာယူပြီး တတ်နိုင်သမျှ ပိယိအောင်၊ လုံခြုံအောင် နေ ခဲ့တယ်။

သူ့နာမည်အရင်းက “အောင်ရဲဇော်”

ခင်မင်တဲ့သူငယ်ချင်းမိတ်ဆွေတွေကတော့ “ကိုရဲ” လို့ခေါ်ကြတယ်။

မိခင်နဲ့ ဖခင်ကတော့ သာမာန်ရုံးဝန်ထမ်းတွေပါပဲ။ သားကိုပညာတွေ တတ်အောင် သင်ပေးပြီး မြန်မာပြည်ရဲ့ ဆိုးရွားလှတဲ့ အခြေအနေတွေကို မျက်မြင်ခံစားရင်း ကောင်း ကျိုးဆိုတာ ဘာမှမခံစားရဘဲ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခဲ့ရတယ်။ အဲဒီတုန်းက ၈၈၈၈ လူထုအရေးတော်ပုံကြီး ပြီးလို့ (၄) နှစ်အကြာမှာ။ ၈၈၈၈ လူထုအရေးတော်ပုံကြီး တုန်းက ရန်ကုန်ကနေ သူ့ဘွဲ့ယူစာတမ်းပြုစုဖို့အတွက် မုံရွာဖက်က ရှေးဟောင်းဘုရားတွေ ဆီ သူရောက်နေခဲ့တယ်။ အာဏာသိမ်းပြီး ၂ လလောက် ကြာတဲ့အထိ သူမပြန်နိုင်သေး ဘူး။ မုံရွာက သူ့မိတ်ဆွေတယောက်အိမ်မှာ သောင်တင်နေခဲ့တယ်။ သူပြန်ရောက်တော့ ရန်ကုန်မြို့ကြီးက ပြည်သူလူထုရဲ့ သွေးနံ့တွေ ရနေတုန်းပဲ၊ အသုဘအိမ်ကြီးတခုလို ၀မ်း နည်းဖွယ် တိတ်ဆိတ်ခြောက်ခြားလို့။ ညနေ (၆) နာရီထိုးရင် လမ်းပေါ်မှာ လူသူတွေ တင်မကဘူး ခွေးတကောင်ကြောင်တမြီးမှတောင် မတွေ့ရတော့ဘူး။ သူ့ သူငယ် ချင်းတွေ လည်း သေသူသေ၊ ထောင်ကျသူကျ၊ တောထဲရောက်သူရောက်နဲ့ အားလုံး ကွဲပြားကုန်ပြီ။ ပြန်တွေ့တဲ့ သူငယ်ချင်းတချို့ကလည်း သူ့ကို တကိုယ်ကောင်းဆန်တယ်၊ ပြည်သူတရပ်လုံး ပါဝင်တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးမှာတောင် ကိုယ့်ပညာရေးကို အပျက်မခံသူအဖြစ် အထင်တွေလွဲလို့ပေါ့။ ဒါပေမယ့် သူ့အတွက် ကံကောင်းတာတခုက အရေးတော်ပုံကာလ ကြီးမှာ လက်တွေ့ပါဝင်ခွင့်ဆုံးရှုံးလိုက်ရလို့ စစ်ထောက်လှမ်းရေးရဲ့ ငရဲခန်းပို့မယ့် စာရင်း ထဲမှာ လွတ်ကင်းခွင့်ရလိုက်တယ်။ ဒါ့ကြောင့်လည်း အခုလို မပြီးဆုံးသေးတဲ့ တော်လှန်ရေး အတွက် တတပ်တအားနဲ့ ပြန်လည်ပါဝင်ခွင့်ရချိန်မှာ သူက လွတ်လွတ်လပ်လပ် လှုပ်ရှား လို့ရနေတာကို သူ တော်တော်ဝမ်းသာပီတိဖြစ်မိတယ်။ သူ့ လက်ဆွဲကွန်ပျူတာထဲမှာ ဘက်ထရီကျန်နေသေးတော့ မီးမလာသေးလည်း ဘာမှမဖြစ်ဘူး၊ ကြည့်လို့တော့ ၂၅ မိနစ် လောက်ရနိုင်သေးတယ်လို့ယူဆပြီး အီးမေးလ်ကတဆင့် သူ့အဖွဲ့ကပေးလိုက်တဲ့ သူတို့ ပစ်မှတ်ထား တိုက်ခိုက်ရမယ့် စစ်အာဏာရှင်ဗိုလ်ချုပ်တယောက်ရဲ့ အချက်အလက်ကို pen drive ထဲကကူးပြီး ဖွင့်ဖတ်လိုက်တယ်။

……………………………………………………………………………………………………………..

ဗိုလ်ချုပ် ……………………..၊ မန္တလေးဇာတိ၊ ငယ်စဉ်က အထက (၁၆) (ယခင် ၀က်စလီ) ကျောင်းတွင်ပညာသင်ယူခဲ့၊ ဇနီး ကျောင်းအုပ်ဆရာမကြီး၊ မန္တလေးတိုင်းမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ၊ သားသုံးဦးနှင့် သမီးနှစ်ဦးရှိ၊ DSA အပတ်စဉ် (…..) ဆင်း၊ သားအကြီး ဗိုလ်မှူး နှင့် သားအလတ် ဗိုလ်ကြီးရာထူးအဆင့်ရှိ၊ သားငယ်မှာ သူတည်ထောင်ထားသော MICT ရှိ ကွန်ပျူတာကုမ္ပဏီတွင် မန်နေးဂျင်းဒါရိုက်တာဖြစ်၊ သမီးများမှာလည်း သူ၏ နောက်ထပ်လုပ်ငန်းများတွင် မန်နေးဂျင်းဒါရိုက်တာများဖြစ်ပြီး အားလုံး အိမ်ထောင်သည်များဖြစ်သည်။ သမီးအကြီး၏ အိမ်ထောင်ဖက်မှာ ထောက်လှမ်း ရေးမှ အရာရှိတဦးဖြစ်သည် ….

သူစာဖတ်လို့မဆုံးခင်မှာပင် သက်ပြင်းတချက်မှုတ်ထုတ်လိုက်မိတယ်။ အာဏာရူး တွေများ အာဏာဆက်ရူးလို့ရအောင်၊ အာဏာဆက်မပြတ်အောင် အစီအစဉ်တကျ လုပ် ထားတာကို သူသဘောကျလို့ မဲ့ပြုံးတချက်ပြုံးရင်း စာကို ဆက်ပြီးပြန်ဖတ်လိုက်တယ်။

…… သုတ်သင်ရမည့်အကြောင်းရင်း

အဲဒီအချက်ကိုတော့ သူတော်တော်စိတ်ဝင်စားသွားတယ်။

…… (၁) အာဏာရှင်ချုပ် သန်းရွှေ၏သမက်ဖြစ်သော တေဇပိုင်ဆိုင်သည့် ကုမ္ပဏီ နှင့်တွဲဖက်ပြီး မြန်မာ့ရတနာကျွန်းသစ်များကို ကချင်ပြည်နယ်ရှိ ကြိုးဝိုင်းတခုအတွင်း တတောလုံးပြုတ်အောင်ခုတ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့မှု။

(၂) ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မည့် ပြည်သူများအား တန်ပြန်တိုက်ခိုက်ရန်အတွက် ပုံမှားရိုက်တိုက်ခိုက်မှုပုံသဏ္ဍာန်သစ်အား စတင်တည်ထောင်ပေးမှု။ စွမ်းအားရှင်ဟု အမည် တွင်သည့် အရပ်သားအကြမ်းဖက်သမားများအား လက်နက်တပ်ဆင်တိုက်ခိုက်နည်း သင် တန်းများပေးခြင်းများ။

(၃) ဇနီးဖြစ်သူက မိခင်နှင့် ကလေးစောင့်ရှောက်ရေးအမည်ခံပြီး မန္တလေးမြို့ အထင်ကရနေရာကြီးတခုတွင် ကြီးမားသောဟိုတယ်ကြီးတခုဖွင့်ပြီး အရွယ်မရောက်သေး သော ကလေးပြည့်တန်ဆာများထားရှိမှု။ ဟိုတယ်တွင် ဘိန်းဖြူရောင်းချမှု။

နံပါတ် (၃) အချက်ကိုဖတ်ပြီးချိန်မှာတော့ သူတောက်တချက်ကို ခပ်ပြင်းပြင်းခေါက် မိတယ်။ ဒေါသကို ထိန်းချုပ်လိုက်ပြီး စာကိုဆက်ဖတ်လိုက်တယ်။

(၄) တရုတ်ပြည်နှင့် အဓိကဆက်ဆံသူဖြစ်ပြီး စစ်လက်နက်ပစ္စည်းများ ၀ယ်ယူခြင်း နှင့်ဆိုင်သော အဓိကတာဝန်ကို အထူးလျှို့ဝှက်ပြီးယူထားသူဖြစ်ခြင်း။

………. ပစ်မှတ်အား အဓိက ရွေးချယ်ရသည့်အကြောင်းရင်း

(၁) အာဏာရှင်၏ နံပါတ် (၂) အဆင့်ရှိဒေါက်တိုင်ဖြစ်ခြင်း။

(၂) သား ၂ ဦး စစ်အရာရှိဖြစ်နေသဖြင့် ကိုယ့်ကိုယ်ကိုယ်အထင်ကြီးမှုများခြင်း။

(၃) အိမ်တွင်းလုံခြုံမှုအားနည်းခြင်း။ အိမ်တွင်း လုံခြုံရေးရဲဘော်များ ဖြတ်လတ် သွက်လက်မှုအားနည်းပြီး အရက် အလွန်ကြိုက်သူများဖြစ်ပြီး ထိုလုံခြုံရေးရဲဘော်များထဲ တွင် မိမိတို့ထံသို့ လျှို့ဝှက်သတင်း ပေးပို့မှုရှိခြင်း။

(၄) အရပ်သားအ၀င်အထွက်များခြင်း။

(၅) ညနေတိုင်းဂေါက်ရိုက်ပြန်ချိန်တွင် အိမ်ဝင်းအတွင်း မြက်ခင်းပြင်တွင် မှောင် သည်အထိ အနားယူတတ်ခြင်း။

(၆) အိမ်ဝင်းတွင် သံဆူးကြိုးရှိသည်မှအပ မည်သည့် လျှပ်စစ်ဓာတ်ကိုမှ လွှတ် ထားခြင်းမရှိခြင်း။

(၇) သူ့ကို သတ်ဖြတ်ပြီးပါက အာဏာရှင်လောကတွင် တုန်လှုပ်သွားနိုင်ပြီး လက် နက်ဝယ်ယူရေးတွင် များစွာ အနှောင့်အယှက်ဖြစ်နိုင်ခြင်း။

…… သတ်ဖြတ်ရန်အတွက် လက်နက်ညွှန်ကြားချက်

(၁) မည်သည့် လက်နက်ငယ်မျှမသုံးရ။

(၂) လက်လုပ်ဗုံးကို သင်ကြားထားသည့်အတိုင်း အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲ သတ်ဖြတ်ရန်။

အာဏာရှင်တွေကျဆုံးပြီး ဒီမိုကရေစီတိုက်ပွဲအောင်မြင်ပါစေ…

သင့်ရဲ့

ရဲဘော် အမှတ် (၁)

သူစာကိုဖတ်ပြီး ဖျက်ပစ်လိုက်တယ်။ မနက်ဖြန် အဲဒီ ဗိုလ်ချုပ်ရဲ့ အိမ်ကိုကြည့်ပြီးရင် (၂) ရက်အတွင်းမှာ လုပ်ငန်းစရတော့မယ်။ အဲဒီအတွက် အစီအစဉ်တွေကို သူ့စိတ်ထဲ ကနေ ဆွဲကြည့်နေမိတယ်။ အောင်မြင်သွားခဲ့ရင် . . . သူ့အတွက် ဒေါ်လာတွေရမှာ မဟုတ်ဘူး၊ ဆုတံဆိပ်တွေရမှာလည်းမဟုတ်ဘူး။ သူရမယ့် ဆုလာဘ်တွေက ပြည်သူ တွေရဲ့ အပြုံးတွေ၊ လွတ်လပ်သွားမယ့် ပြည့်တန်ဆာခန်းထဲက ဆယ်ကျော်သက်လေးတွေ ရဲ့ ရယ်မောသံလေးတွေ၊ ကချင်ပြည်နယ်က ကျွန်းပင် အရိပ်ပျောက်ခဲ့ရတဲ့ တိုင်းရင်းသား ကချင်ညီအကိုမောင်နှမတွေရဲ့ အပြုံးတွေ၊ သတင်းစာထဲမှာ ပါလာမယ့် နာရေးသတင်းက အာဏာရှင်အချင်းချင်းအတွက် သူရဲကောင်းဆန်အောင် ရေးမယ်ဆိုတာ ကြိုသိရပေမယ့် အဖိနှိပ်ခံပြည်သူနဲ့ အာဏာရှင်အကြမ်းဖက်သမားတွေကို ဆန့်ကျင်နေတဲ့ ငြိမ်းချမ်းတဲ့ အမိကမ္ဘာမြေကြီးအတွက်တော့ ကောင်းချီးသြဘာသံတွေ ဘ၀ဂ်ညံသွားစေလိမ့်မယ်လေ။ အဲဒါဟာ သူအမှန်တကယ် ရရှိရမယ့် သူ့အတွက် ဆုလာဘ်တခုပါပဲ။

မီးလာတာနဲ့ သူပြင်ရမယ့်စက်ကို ပြင်လိုက်ပြီး အိပ်ရာဝင်လိုက်တယ်။ အိပ်မက် ထဲမှာတော့ သူ့စွန့်စားခန်းကို သူကိုယ်တိုင်ပဲ ရုပ်ရှင်တခုလိုကြည့်ရင်းနဲ့ သူ့ရဲ့ညကို ကုန်ဆုံး ပစ်လိုက်တယ်။

………………………………………………………………

အပိုင်း (၂) ကို စောင့်မျှော်ဖတ်ရှုပေးပါရန်

0 comments: