Tuesday

မတရားမှုအတွက် ထိုက်သင့်တဲ့ဆု (အပိုင်း ၁)


မတရားမှုအတွက် တရားမျှတမှု ဇာတ်လမ်းစဉ်ထဲက နောက်ထပ်အသစ်တပုဒ်ဖြစ်ပါတယ်။ စာဖတ်သူများ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဝေဖန်စရာရှိရင်လည်း ဝေဖန်ပေးပါဦး။
နေပြည်တော်ဘခက်


မနေ့က အုံးအုံးကြွက်ကြွက်ဖြစ်သွားတဲ့ သတင်းကတော့ မြန်မာ့လက်ရွေးစင် အသင်းနဲ့ အာရှလက်ရွေးစင်ဟောင်းများရဲ့ ချစ်ကြည်ရေးပွဲစဉ်သတင်း မဟုတ်ခဲ့ပါဘူး။ သုဝဏ္ဏမှာရှိတဲ့ စစ်အာဏာရှင်အုပ်စုရဲ့ ဒုတိယအဆင့်ရှိတဲ့ စစ်ဗိုလ်ချုပ်တယောက် လုပ်ကြံခံရတဲ့သတင်းပါ။ တကမ္ဘာလုံးမှာရှိတဲ့ သတင်းဌာနတွေကို လှုပ်လှုပ်ရှားရှားဖြစ်သွား စေတဲ့ အရှေ့တောင်အာရှနေရာကနေ ရိုက်ခတ်သွားခဲ့တဲ့ သတင်းတပုဒ်ပါ။
ပြည်သူတွေကတော့ အတွင်းကြိတ်နဲ့ ပျော်နေကြပေမယ့် လက်ဖက်ရည်ဆိုင်ထဲ ထမင်းဆိုင် စားသောက်ဆိုင်ထဲမှာ ဘယ်သူမှ မပြောဆို မဆွေးနွေးရဲကြပါဘူး။ ဒါပေမယ့် လက်ပွေ့ရောင်းတဲ့ ဂျာနယ်သမားလေးတွေတော့ ရုပ်ရှင်မင်းသားဒွေး သေတဲ့သတင်းပြီးတဲ့ နောက်မှာတော့ အရောင်းရသွက်လို့ ၀မ်းရေးတော့ တော်တော်လေးပြေလည်သွားနိုင်မယ့် သတင်းတပုဒ်လည်း ဖြစ်ပါတယ်။
သူမရှေ့မှာရောက်လာတဲ့ စိစစ်ရေးတင်မယ့် စာမူအကြမ်းတွေချုပ်ထားတဲ့ ဂျာနယ်အကြမ်းထည်ပုံစံကိုကောက်ယူလိုက်တယ်။
“ကိုသိန်းရေ … ဗိုလ်ချုပ် (…) သေတဲ့သတင်းက အသေအချာလုပ်နော်။ ရဲစခန်းက ထောက်ခံချက်လိုရင်လည်း ကြိုပြောနော်။ နောက်ကျမှ အဆင်မပြေဖြစ်နေဦးမယ်”
“ဟုတ်ကဲ့ အမ၊ ကျွန်တော် စိစစ်ရေးသွားရင်းနဲ့ ရဲစခန်းထောက်ခံချက်အတွက် လှည့်ပြီး ၀င်ယူလိုက်ပါမယ်။ မြန်မြန်ကျဖို့အတွက်တော့ ရေနည်းနည်းပိုကမ်းရမယ်တဲ့ အမရေ…”
“ဒါထုံးစံပဲဥစ္စာ ကိုသိန်းကလည်း အထူးအဆန်းလုပ်လို့၊ ဘယ်လောက်တဲ့လဲ”
“၃ သောင်းတဲ့အမ”
“သူဇာ့ဆီမှာထုတ်သွားလိုက်လေ၊ သတင်းစုံဖို့ပဲလိုတယ်၊ ပိုက်ဆံကအကြောင်း မဟုတ်ဘူး”
“ဟုတ်ကဲ့အမ။ ဒါဆိုကျွန်တော်သွားလိုက်တော့မယ်နော်”
“ဟုတ်ကဲ့”
တာဝန်ခံအယ်ဒီတာ ကိုသိန်းအောင် ထွက်သွားပြီးတော့ သူမတယောက်ထဲ အခန်းထဲမှာ ကျန်ခဲ့တယ်။ သူမက ‘’Yangon Morning’’ ဂျာနယ်တိုက်ပိုင်ရှင်။ ဖခင်က မဆလလက်ထက်က ဗိုလ်မှူးချုပ်အဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ပြီး ၈၈၈၈ အရေးတော်ပုံ ပြီးခါစမှာ ပင်စင်ယူခဲ့တယ်။ တဦးတည်းသောသမီးဖြစ်တဲ့ သူမကို အချစ်ပိုခဲ့သလို သူမကိုယ်တိုင်ကလည်း သမီးကောင်းတယောက်ဖြစ်ခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ကနေ အင်္ဂလိပ်စာအဓိကနဲ့ မဟာဘွဲ့ရခဲ့ပြီး သြစတေးလျကနေ ဂျာနယ်လစ်ဇင်ဘာသာရပ်ကို ၂၀၀၂ ခုနှစ်မှာ ထပ်ပြီးရခဲ့တယ်။ ဖခင်က မဆလလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ရ ပေမယ့် နိုင်ငံ့အရေးအရာနဲ့ပတ်သက်ပြီး အမြော်အမြင်ကြီးသူ တယောက်ဖြစ်သလို သမီးကိုလည်း နိုင်ငံရေးနဲ့ပတ်သက်ပြီး အမွေတွေများစွာပေးခဲ့တယ်။ ငယ်စဉ်ကတည်းက ရေကူး၊ အပြေးစတဲ့ အားကစားတွေကို ဖခင်ကိုယ်တိုင်သင်ကြားပေးခဲ့ပြီး သြစတေးလျမှာ ကျောင်းတက်နေတုန်းက အဆောင်နေသူငယ်ချင်း တရုတ်အမျိုးသမီးတဦးနဲ့ပတ်သက်ပြီး Mixed Martial Arts လို့ခေါ်တဲ့ ကိုယ်ခံပညာရပ်တွေ ရောမွှေထားတဲ့ သင်တန်းကျောင်းမှာ ခါးစည်းအနက် အဆင့် (၁) အထိရအောင်သင်ကြားခဲ့တယ်။ ချောမွေ့လှပပြီး နုနယ်တဲ့ သူမမျက်နှာ အချိုးအဆက်ကျတဲ့ ကိုယ်ခန္ဓာနဲ့ ဘယ်လိုမှ လိုက်ဖက်မှုမရှိဘူးလို့ထင်နိုင်ပေမယ့် ကျောင်းပြီးလို့ ရန်ကုန်ပြန်အရောက်မှာ ပထမဆုံးပွဲဦးထွက်အနေနဲ့ လူရမ်းကား (၃) ကောင်ကို လှဲသိပ်လိုက်နိုင်တယ်။ တယောက်က ဒုဗိုလ်မှူးကြီးဆိုသူ တယောက်ရဲ့ သား၊ ဆေးကြောင် နေတဲ့သူ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီကောင်လေးအဖေက သူမဖခင်ရဲ့ တပည့်ဖြစ်ခဲ့ဖူးတယ်။ မကျေနပ်ပေမယ့် မှားကလည်းမှား သူ့အဖေကိုယ်တိုင်ကလည်း ဆရာ့မျက်နှာနဲ့ ကျေအေး တာကြောင့် အဲဒီဆေးကြောင်နေတဲ့ကောင်လေး မကျေနပ်ချင်ပေမယ့် ကျေနပ်လိုက်ရတယ်။ ကောင်လေးက လက်ကျိုးသွားပြီး သူ့သူငယ်ချင်း (၂) ယောက်ကတော့ ခေါင်းပေါက်တဲ့ သူနဲ့ တယောက်က ခါးဆစ်လွဲသွားတယ်။
သူမအမည်က စန္ဒီသိန်းထိုက်၊ ငယ်စဉ်ကတည်းက ဖခင်တာဝန်ကျတဲ့နေရာတွေမှာ လိုက်နေရင်း ပေါင်းသင်းရသူတွေက စစ်သားတွေချည်း။ ကော့ကရိတ်မှာ တာဝန်ကျတုန်းက သူမ ၁၂ နှစ်သမီး၊ ကရင် ဗမာ ကပြားတပ်ကြပ်ကြီးတဦးရဲ့ ကျေးဇူးနဲ့ ဗမာ့လက်ဝှေ့ပညာကို တတ်ခဲ့တယ်။ ဖခင် ရာထူးတိုးလို့ ရန်ကုန်ကို ပြောင်းရွှေ့ရချိန်မှာ သူမအမေက ရင်သားကင်ဆာနဲ့ ဆုံးသွားခဲ့တယ်။ သူမအမေဟာ သူမအဖေနောက်ကို လိုက်လံပြောင်းရွှေ့ ပါရမီဖြည့်ရင်း မွေးရာဇာတိနဲ့ ဝေးရာမှာ ခေါင်းချသွားခဲ့တယ်။ သူမအဖေဟာ နောက်အိမ်ထောင်မပြုတော့ဘဲ သူမကြီးပြင်းလာတဲ့အထိ ပြုစုစောင့်ရှောက် ခဲ့တယ်။ သူမအဖေဆီက အမြဲတမ်းကြားရတဲ့စကားကတော့ …
“တိုင်းရင်းသားအချင်းချင်း ဘယ်တော့မှ မတိုက်ချင်ဘူး”
“သမီး ရောက်ရာနေရာမှာ ကိုယ့်ပြည်သူတွေရဲ့ဘ၀ကို သိအောင်ကြိုးစား”
“ဗိုလ်ချုပ်အောင်ဆန်းကိုချစ်ပါ” ဆိုတာတွေပဲ။
သူမက ကျောင်းပညာတွေ ပြီးသွားချိန်မှာ ၀ါသနာနဲ့ အသက်မွေးဝမ်းကျောင်း တထပ်ထဲကျတဲ့အလုပ်ဖြစ်တဲ့ ဂျာနယ်တိုက်တခုကို တည်ထောင်လိုက်တယ်။ သူမက သတင်းစာတိုက် တည်ထောင်ချင်ပေမယ့်လည်း အာဏာရှင်တိုင်းပြည်မှာ နေရတာက သတင်းစာတိုက် တည်ထောင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ဘူး။ အခုဂျာနယ်တိုက်ဖြစ်တာကိုက သူအဖေရဲ့ အရင်တုန်းက အရှိန်အ၀ါကြောင့် ဂျာနယ်ထုတ်ခွင့်ရရှိခဲ့တာဖြစ်တယ်။ ဒါပေမယ့် သူ့ဂျာနယ်ရဲ့ ပုံပန်းသဏ္ဍာန်ကို သူ့စိတ်ကြိုက် ပုံစံချခဲ့တယ်။ သတင်းကို ဦးစားပေးတဲ့ ဂျာနယ်ဖြစ်အောင်လုပ်ခဲ့တယ်။ အရက်နဲ့ ဆေးလိပ်ကြော်ငြာတွေကို လက်မခံခဲ့ဘူး။ နားလည်တတ်ကျွမ်းပြီး ငယ်ရွယ်တဲ့ အယ်ဒီတာတွေ၊ သတင်းသမားတွေ၊ ဒီဇိုင်နာနဲ့ ဓာတ်ပုံသမားတွေကို သူမစိတ်ကြိုက် ရွေးချယ်ခန့်ထားလိုက်တယ်။ စထွက်ခါစတုန်း ကတော့ အဖေက မဆလလက်ထက်တုန်းက ဗိုလ်မှူးချုပ်တဦးအထိဖြစ်ခဲ့တဲ့ အရှိန်နဲ့ ဂျာနယ်တိုက်ကို တည်ထောင်နိုင်တယ်။ သူမအဖေရဲ့ တပည့်တွေကလည်း အခုလက်ရှိ ဗိုလ်ချုပ်အဆင့် ရောက်နေသူတွေဆိုတော့ “လုပ်နိုင်တာပေါ့” “ဒီပုတ်ထဲက ဒီပဲပါပဲ” ဆိုတဲ့ အပြောမျိုးတွေ၊ ဂျာနယ်ကို အာဏာရှင်ရဲ့ လက်ကိုင်တုတ် ဂျာနယ်မျိုးဆိုတဲ့ အဆင့်ထိတောင် ဝေဖန်သံမျိုး တွေ ကြားရပေမယ့် ဂျာနယ် (၄) စောင်လောက်ထွက်ပြီးချိန်မှာတော့ အဲဒီအသံတွေ ရပ်ဆိုင်းသွားခဲ့တယ်။ စိစစ်ရေးကတော့ သူမအဖေကြောင့် သတင်းတချို့ကို သိပ်တောင်စိစစ်မနေတော့ဘဲ ခွင့်ပြုတာမျိုးတွေ၊ တခြားဂျာနယ်တိုက်တွေကို ခွင့်မပြုတဲ့ သတင်းတွေကို သူမဂျာနယ် တစောင်ထဲသာ ရတာမျိုးတွေအထိ မမျှော်လင့်တဲ့ အခွင့်သာမှုတွေရှိခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေသိသင့်တဲ့ သတင်းတွေကို သူမဂျာနယ်ကတဆင့် ထုတ်ပြန် နေရတဲ့အတွက် သူမ၀မ်းသာပါတယ်။ အရောင်းမြှင့်တင်ရေးပွဲကိုလည်း အရက်ဆေးလိပ် အရောင်းမြှင့်တင်ပွဲကလွဲပြီး ကျန်တဲ့ပွဲတွေကိုပဲ သူမရဲ့ ဂျာနယ်တိုက်က လက်ခံတက်ခဲ့ တယ်။ အဲဒါကလည်း သူမနဲ့ သူမဂျာနယ်အတွက် ဂုဏ်သိက္ခာတခု ဖြစ်စေခဲ့တယ်။ သူမဂျာနယ်စောင်ရေက တရိပ်ရိပ်နဲ့တက်နေသလို သူမကို မနာလိုတဲ့ပြိုင်ဖက်တွေလည်း တရိပ်ရိပ်နဲ့ တိုးလာခဲ့စေတယ်။ ဒါပေမယ့် အနုပညာစစ်စစ်ကို မွေးဖွားကြတဲ့ အသိုင်းအ၀ိုင်းကတော့ သူမဂျာနယ်ကို လေးစားမှု ချစ်ခင်မှု ပိုလာခဲ့တယ်။
“အမ ကျွန်တော်ပြန်ရောက်ပြီ” တာဝန်ခံအယ်ဒီတာ ကိုသိန်းအောင်အသံကြောင့် သူမအတွေးစတွေ ပြတ်သွားခဲ့တယ်။
“ကိုသိန်း အဆင်ပြေလား”
“ဟုတ်ကဲ့၊ ကျွန်တော် ရဲစခန်းကိုပါရောက်ခဲ့တယ်။ ရဲစခန်းကတော့ သတင်းကိုပဲ ထည့်ခွင့်ပြုပြီး ဓာတ်ပုံတွေကိုတော့ မသုံးဖို့ပြောတယ်”
“ရီစရာကောင်းလိုက်တာ ကိုသိန်းရယ်၊ အင်တာနက်မှာ ဒီလောက်တောင်ပျံ့နေပြီပဲ ဥစ္စာ၊ သူတို့က ဘာ့ကြောင့်လို့ပြောလဲ”
“ဒါတောင် အမဂျာနယ်မို့ ခွင့်ပေးတာတဲ့၊ ပြည်သူတွေကို အထိတ်တလန့်ဖြစ်စေမှာ ကြောင့် ဓာတ်ပုံကို မထည့်ပါနဲ့တဲ့၊ ကျွန်တော်တောင် ပြောခဲ့သေးတယ်။ ဒါက ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် သေနေတဲ့ လူပုံတွေမပါဘဲ အခင်းဖြစ်တဲ့ နေရာကိုပဲပြတဲ့ ပုံပါလို့ ပြောတာကို …”
“အဲဒီတော့ …”
“မရဘူးတဲ့။ စခန်းမှူးက ကျွန်တော့်ကိုတောင် သိပ်မကြည်ဘူး”
“အိုကေလေ၊ ရသလောက်ပေါ့။ သတင်းကိုတော့ ဆင်ဆာအလုပ်ခံရသေးသလား”
“မလုပ်ဘူးအမ အဆင်ပြေတယ်”
“ဒါဆို ဒီဇိုင်းသမားနဲ့တိုင်ပင်ပြီး လေးအောက်ချ၊ မနက်ကို အချောထွက်နိုင်အောင် လုပ်လိုက်တော့။ စာလုံးအကျအပေါက် အသေအချာစစ်ဖို့မမေ့နဲ့နော်၊ စက်တင်ခါနီးရင် ကျွန်မကို ဖုန်းဆက်လိုက် ဟုတ်ပြီလား”
“ဟုတ်ကဲ့”
ကိုသိန်းအောင်ပြန်ထွက်သွားတော့ သူမဖုန်းနံပါတ်တခုကိုနှိပ်လိုက်တယ်။ ဖုန်းရဲ့ မော်နီတာမှာ ပေါ်လာတဲ့ နာမည်က … “အောင်ရဲဇော်”
“ဟယ်လို ကျွန်တော်အောင်ရဲဇော်ပါ”
“ကိုရဲ ညနေအားလား”
“ဟုတ်ကဲ့ အားပါတယ်”
“ကျွန်မ ကိုရဲကို ညနေစာကျွေးချင်လို့ပါ”
“ဘယ်ကို လာရမလဲ”
“ကျွန်မလာခေါ်လိုက်မယ်လေ၊ ကိုရဲစောင့်နေလိုက်နော်”
“ဟုတ်ကဲ့”
အောင်ရဲဇော်ဖုန်းချသွားတော့ သူမနဲ့ အောင်ရဲဇော်ရဲ့ ဆုံစည်းမှုကို သတိရနေမိ တယ်။ သူမတို့ ဆုံစည်းမှုက အသည်းနှလုံးက ရင်ခုန်ရခြင်းမျိုးမဟုတ်ဘဲ၊ သည်းထိတ်ရင်ဖို အမှန်တကယ်ရင်ခုန်ရခြင်းဖြစ်တယ်။
တနေ့ သူမဂျာနယ်တိုက်က အပြန် ဗိုလ်တထောင်ကမ်းနားလမ်းမှာ ကားတစီးက ကျော်တက်သွားပြီး သူမကားရှေ့က ပိတ်ရပ်လိုက်တယ်။ အန္တရာယ်လို့ သူမသတိထားမိပြီး သူမကားကို နောက်ပြန်ဆုတ် အဲဒီကားကို ကျော်တက်ပြီး ရှောင်ဖို့ကြိုးစားလိုက်ပေမယ့် သူမနောက်ကျသွားခဲ့ပါတယ်။ ကားပေါ်က ငတိ (၄) ကောင်ဆင်းလာတယ်။ လက်ထဲမှာ လဲ တုတ်တွေနဲ့၊ တယောက်က သူမကားရှေ့မီးကို ရိုက်ခွဲလိုက်ပြီး တယောက်က သူမဖက်က ကားမှန်ကို ရိုက်ခွဲလိုက်တယ်။ မှန်ကွဲစတွေမထိအောင်လက်နဲ့ ကာလိုက်ပြီး ချက်ချင်း သတိအနေအထားနဲ့ ပြန်နေလိုက်တော့ မှန်ကွဲစတွေထဲမှာ ရင်းရင်းနှီးနှီးနဲ့ မြင်ဖူးတဲ့မျက်နှာတခုကို တွေ့လိုက်ရတယ်။
“ဒေါ်စန္ဒီ၊ ကျေးဇူးပြုပြီး ကားပေါ်ကဆင်းခဲ့ပါ။ စာရင်းရှင်းစရာလေးရှိလို့ပါ”
“ဟင် … မင်း နေလင်း မဟုတ်လား”
“ဟုတ်ပါတယ်၊ ခင်ဗျား တချိန်က ကျုပ်လက်ကိုချိုးခဲ့တဲ့ နေလင်းပါ။ ခင်းဗျား ခေါင်းကိုခွဲပြီး၊ ခါးဆစ်ကိုချိုးပေးမယ့် ကျုပ်သူငယ်ချင်း ၂ ယောက်လည်း ပါပါတယ်။ နောက်ပြီး ခင်ဗျားက ကိုယ်ခံပညာဆရာမကြီး လို့ သိရတော့ အပျင်းပြေပြိုင်ပွဲလေးလုပ်ရ အောင် ကျုပ်သူငယ်ချင်း တိုက်ကွမ်ဒိုသမားတယောက်လည်း ခေါ်လာခဲ့ပါတယ်။ ပြီးမှ ခင်ဗျားလက်ကို ချိုးမှာပါ”
“မင်းတို့ ကျေနပ်ခဲ့ပြီးပြီမဟုတ်လား၊ အဲဒီတုန်းကလည်း မင်းတို့မှားတာလေ”
“ဘာ … ကျုပ်တို့ကမှားတာ၊ ဟုတ်လား။ ခင်ဗျားက ကျုပ်တို့ လက်နဲ့ ကိုင်တာလေးလောက်နဲ့ ကျုပ်လက်ကိုချိုးခဲ့တယ်။ ကျုပ်အဖေက ကျေနပ်ခိုင်းလို့ ကျေနပ်ခဲ့ရတာ သိလား”
အရက်နံ့မရပေမယ့် မူးယစ်ရီဝေနေတဲ့ သူတို့မျက်လုံးတွေကို ကမ်းနားလမ်းက မီးရောင်ချို့ချို့တဲ့တဲ့မှာ လှမ်းမြင်လိုက်တော့ ဒီကောင်လေးတွေ ဆေးကြောင်နေပြီး သူမကို လက်စားချေဖို့ ကြိုးပမ်းနေမှန်း သိလိုက်ရတယ်။ သူမမှာ အော်ဟစ်အကူအညီတောင်းဖို့ အသနားခံဖို့အတတ်ပညာတွေကို မွေးကတည်းပါမလာခဲ့ဘူး။ လမ်းကလည်း ၁၁ နာရီလောက်ပဲရှိသေးပေမယ့် လူကလည်းပြတ်နေပြီ။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ ပြေလည်အောင်ကြိုးစားကြည့်ဖို့ သူမကြိုးစားကြည့်ချင်သေးပေမယ့် သူတို့အမူအယာ တွေက ရမယ့်ပုံမပေါ်ဘူး။ ဒီကြားထဲ …
“ဟေ့ကောင်နေလင်း ကြာတယ်ကွာ သုတ်မှာဖြင့် မြန်မြန်သုတ်၊ မင်းတို့ကို ရင့်ထား တာမဟုတ်လား” ဆိုတဲ့ တိုက်ကွမ်ဒိုသမားဆိုသူရဲ့ စူးရှရှအသံကို ကြားလိုက်ရတယ်။
သူမကားပေါ်က သတိနဲ့ဆင်းပြီး အဆင်သင့်ပြင်ထားလိုက်တယ်။ တိုက်ကွမ်ဒို သမားဆိုသူက “အပျင်းပြေ ပညာစမ်းရတာပေါ့” လို့ ကြွေးကြော်ပြီး သူမဆီကို ပြေးလာ တယ်။ အဲဒီအထိ သူမမလှုပ်၊ အနားရောက်တော့မှ သူ့ခြေထောက်ကို လွှဲပြီး ဖနောင့်နဲ့ ပေါက်ဖို့ကြိုးစားတာကို သူမသိလိုက်တယ်။ သူကတော့ ကိုယ်ခံပညာကို အစစ်အမှန် တတ်ထားပုံရတော့ မြန်တယ်၊ လျှင်တယ်၊ တတ်ပေမယ့် တလွဲနေရာတွေမှာ အသုံးချနေပုံရတယ်။ ဒါပေမယ့် သူမက သူ့ထက်ပိုမြန်တယ်။ ခြေထောက်လွှဲချိန်မှာ အောက်မှာ ကျန်နေတဲ့ ဘယ်ခြေကို သူမဘယ်ခြေနဲ့ gedan mawashi geri နဲ့ ခတ်လိုက်တယ်။ အောက်ကို အရုပ်ကျိုးပြတ် ပုံကျသွားတယ်။ နေလင်းက ပြေးဝင်လာပြီး တုတ်နဲ့ရိုက်တယ်။ သူမ အသာတိမ်းရှောင်လိုက်ပြီး သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်တယ်။ သူ့လက်ထဲက တုတ်လွတ်ကျသွားတာနဲ့အတူ သူ့လက်ကို သူမလက်ထဲကနေရုန်းတယ်။ သူမက သူရုန်းတဲ့အားနဲ့ သူ့ခြေထောက် ၂ ချောင်းကို သိမ်းရိုက်ပြီး ခုနက တိုက်ကွမ်ဒိုသမား လဲနေရာကို လွှင့်ပစ်လိုက်တယ်။ ၂ ကောင်တော့ ပုံသွားပြီ။ ကျန်တဲ့ ၂ ကောင်က ကြောင်ပြီး ဘယ်ညာ ၂ ဖက်လုံးကနေ ၀င်ရိုက်တယ်။ အသာငြိမ်နေလိုက်ပြီး သူတို့ တအားနီးလာချိန်မှာ ကိုယ်ကို ရို့ပြီး ရှောင်ပေးလိုက်တယ်။ ၂ ယောက်လုံး ခေါင်းမှာ သွေးတွေ ဖြာသွားတယ်။ သူတို့ စားရိတ်နဲ့ သူတို့ သွားပြီပေါ့။ သူမ ရှောင်ပေမယ့် မတတ်သာတော့လည်း သူမပညာကို အသုံးချလိုက်ရတယ်။ သူမကားတံခါးကိုဖွင့်ပြီး ပြန်မောင်းဖို့ ကြိုးစားနေချိန်မှာ ခွပ်ကနဲ အသံတခုကြားလိုက်ရတော့ ထောင်ထောင်မောင်း မောင်းနဲ့ အမျိုးသားတယောက်က တိုက်ကွမ်ဒိုသမားဆိုသူရဲ့အပေါ်မှာ ခွလျက်သား။
“ကျွန်တော် အဝေးကနေလှမ်းမြင်လို့ ပြေးလာပေမယ့် ခင်ဗျားက ပွဲသိမ်းတာ မြန်တယ်၊ ဒါပေမယ့် ခင်ဗျားလှည့်ပြီး ကားတံခါးဖွင့်နေတုန်း ဒီကောင်က ခင်ဗျားကို တုတ်နဲ့ ရိုက်မလို့ ကြိုးစားနေတာနဲ့ ကျွန်တော်လည်း သိပ်လိုက်ရတယ်”
“ကျေးဇူးတင်ပါတယ်ရှင်၊ ကျွန်မလည်း တယောက်ထဲဖြစ်နေတာနဲ့ သူတို့ လဲနေတုန်း ပြန်ထွက်ဖို့ စိတ်လောနေမိတာ၊ ကျွန်မကားလဲ တော်တော်ပျက်စီးသွားပြီ။ ဒါနဲ့ ရှင်ကော ဘာနဲ့ လာလဲ”
“ကျွန်တော်က သူငယ်ချင်းတယောက်ဆီက ပြန်လာတာ။ ခြေလျင်ပါပဲ၊ ဒီနေရာကနေ မြန်မြန်ခွာရင်ကောင်းမယ်ထင်တယ်”
“ဒါဆို ကျွန်မလိုက်ပို့မယ်၊ ကျွန်မကားပေါ်တက်”
ကားက ရှေ့မီးတွေပျက်စီးကုန်တော့ သူမ သတိနဲ့ မောင်းခဲ့တယ်။
“ကျွန်တော့်နာမည် အောင်ရဲဇော်ပါ၊ ကွန်ပျူတာပြင်တဲ့အလုပ်လုပ်ပါတယ်”
“ဟုတ်ကဲ့ ကိုအောင်ရဲဇော် ကျွန်မက စန္ဒီသိန်းထိုက်ပါ၊ Yangon Morning Journal ရဲ့ အယ်ဒီတာချုပ်ပါ။ တွေ့ရတာဝမ်းသာပါတယ်”
“ကျွန်တော်လည်း ခုလို မမျှော်လင့်ဘဲ ခင်မင်ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ ဒီခေတ်ကလေးတွေက ဆိုးတယ်ဗျာ။ မူးယစ်ဆေးကလည်းပေါဆိုတော့ ဒုစရိုက်တွေကများ နေတော့တာပေါ့။ ဘယ်လိုဖြစ်ကြတာလဲ”
သူမက ဇာတ်လမ်းကို အတိုချုပ်ပြောပြလိုက်တယ်။
“ဒါနဲ့ စကားမစပ် မစန္ဒီက ကိုယ်ခံပညာတခုကို အဆင့်မြင့်မြင့် တတ်ထားပုံရတယ်။ ဟုတ်လား”
“ဟုတ်ကဲ့၊ ကျွန်မ သြစတေးလျကို ကျောင်းသွားတက်တုန်းက Mixed Martial Arts Club တခုမှာ ခါးစည်းအနက်အထိ သင်ကြားခဲ့ပါတယ်။ ဒါ့ကြောင့်လည်း အရေးကြုံတော့ အခုလို ကာကွယ်နိုင်တာပေါ့”
“ကောင်းတာပေါ့။ ဒီနေ့ခေတ်မှာ အမျိုးသမီးတယောက်အနေနဲ့ တတ်ကျွမ်းထား သင့်တယ်”
အဲဒီနောက်တော့ သူမနဲ့ အောင်ရဲဇော် ခင်မင်သွားခဲ့တယ်။ သူမက အောင်ရဲဇော် ပိုပြီး ခင်မင်လေးစားတဲ့ အချက်ရှိတယ်။ အဲဒါက သူမနဲ့ ခင်မင်တဲ့ အမျိုးသားတိုင်းက သူတိုင်းက တဆင့်တက်ပြီး သူမကို ချဉ်းကပ်ပြီး သူမအချစ်ကိုတောင်းဆိုတာ၊ အရေမရအဖတ်မရတွေပြောတာ၊ သူမနဲ့ အစားအသောက်တခုခုကို စားပြီး သာယာတတ်တာ၊ စတာတွေဟာ ထုံးစံတခုအနေနဲ့ ကြုံတွေ့ရတယ်။ မြန်မာပြည်ရဲ့ တက္ကသိုလ်ပညာရေးဆိုတာကလည်း ပညာရပ်လေ့လာတာထက် လူပုဂ္ဂိုလ်ရေးဆိုင်ရာ တွေကိုပဲ စပ်စပ်စုစုလုပ်နေတတ်တဲ့ ပုံစံဖြစ်နေတော့ ကျောင်းသူကျောင်းသားတွေက စာသင်တာနဲ့မဆိုင်တာတွေကို စိတ်ဝင်စားနေတတ်တယ်။ ကျောင်းသားတော်တော် များများဟာ အရက်သေစာသောက်စားတတ်ပြီး ကျောင်းသူတော်တော်များများဟာ ရည်းစားထားခြင်းအတတ်ကို ဆည်းပူးကြတယ်။ အဲဒီထဲမှာ သူမက ဒိုင်နိုဆောတကောင် လို ဖြစ်နေခဲ့တယ်။ သေချာတာကတော့ ကျောင်းတုန်းက ယောက်ျားလေးသူငယ်ချင်း ထဲမှာ ခင်မင်စရာတွေတော့ ကြုံခဲ့ဖူးပါတယ်။ ဒါပေမယ့် အောင်ရဲဇော်လို လေးစားစရာ ကောင်းသူကိုတော့ အခုမှ ဆုံဖူးတယ်လို့ပဲ သူမခံစားမိတယ်။ အောင်ရဲဇော်က သာမာန်ယောကျာ်းလေးတွေလိုမဟုတ်၊ သူမကို စိတ်ဝင်စားဟန် တချက်မှမပြ။ ပြောတဲ့အကြောင်းအရာတွေကလည်း ကွန်ပျူတာနည်းပညာ၊ သမိုင်းနဲ့ နိုင်ငံရေး။
နိုင်ငံခြားကျောင်းကတော့ သင်တဲ့ပညာရပ်ကို စိတ်မ၀င်စားရင် ပိုက်ဆံတွေ အချိန်တွေကုန်မယ်၊ အမှန်တကယ်လည်း အသက်မွေးဝမ်းကျောင်း လုပ်နိုင်အောင် သင်ကြရတာကြောင့် မြန်မာပြည်ကကျောင်း တွေလို အချိန်တွေကုန်နေတာမျိုးမရှိဘူး။ စာခိုးချပြီး အောင် အောင်၊ ဆရာမကို ပိုက်ဆံပေးပြီး အောင် အောင် လုပ်ရတာမျိုးတွေမရှိဘူး။ သူမနဲ့ အောင်ရဲဇော် ခင်မင်သွားချိန်မှာတော့ မြန်မာပြည်တွင်းက လူတွေရဲ့ စားဝတ်နေရေးတွေ၊ ကလေးတွေရဲ့ ပညာရေး အကျင့်စာရိတ္တ စတာတွေကိုပဲ ပြောဖြစ်ခဲ့ကြတယ်။ တွေ့ဆုံတိုင်းလည်း ပညာရပ်ဆိုင်ရာကိစ္စတွေကိုပဲ အလေးထားဆွေးနွေးဖြစ်ခဲ့ကြတယ်။ တလလောက်ကြာတဲ့ အချိန်မှာတော့ အောင်ရဲဇော်ရဲ့ အမှန်တကယ်အလုပ်ကို သူမသိရှိခွင့်ရခဲ့ပြီး နဂိုကတည်းကမှ ဖခင်ရဲ့ သွန်သင်မှုကြောင့် အာဏာရှင်စနစ်ကို မုန်းနေတဲ့ သူမအဖို့ လမ်းပေါ်က ရန်ပွဲထက် အန္တရာယ်များတဲ့ အလုပ်တခုကို ရဲရဲရင့်ရင့်နဲ့ လက်ခံခဲ့မိတယ်။ အဲဒါကတော့ တော်ဝင်စစ်သည်တော်များရဲ့ အဖွဲ့ဝင်သစ်တဦးအဖြစ်ပေါ့။ သူမနောက်ဆုတ်ဖို့ ဘယ်တော့မှ ကြိုးစားမှာမဟုတ်ဘူး။ ဖေဖော်ဝါရီ (၁၄) ရက်နေ့မှာမွေးတဲ့ သူမအတွက် တော်ဝင်စစ်သည်တော်များရဲ့ အဖွဲ့ဝင်အမှတ်က တိုက်တိုက်ဆိုင်ဆိုင် အမှတ် (၁၄)။ သူမအတွေးစတွေဖြတ်ပြီး သူမတို့အဖွဲ့ရဲ့ အောင်မြင်မှု အောင်ရဲဇော်ရဲ့ စွန့်စားမှုကို ဂုဏ်ပြုတဲ့ ညနေစာအတွက် အိမ်ပြန်ပြင်ဆင်ဖို့ သူမရုံးခန်းထဲကနေ ထွက်ခဲ့တယ်။
အပိုင်း (၂) ကို ဆက်လက်ဖတ်ရှုပါရန်

0 comments: