Thursday

မတရားမှုအတွက် တရားမျှတမှု အပိုင်း (၂)


သူမနက်မိုးလင်းတော့ ညက အိပ်ရေးအနည်းငယ်ပျက်ပေမယ့် လန်းဆန်းနေ တယ်။ ရေချိုးခန်းထဲမှာ ခင်မောင်တိုးရဲ့ “လွန်ခဲ့သောနေ့” သီချင်းကို ဆိုရင်း ရေချိုးလိုက် တယ်။
“တီ တီ တီ . . . ” ဆိုတဲ့ သူ့ လက်ကိုင်းဖုန်းမြည်သံကြောင့် ရေကိုအမြန်ချိုးပြီး ရေချိုးခန်းထဲက ထွက်လိုက်ပေမယ့် ဖုန်းကို ကိုင်လိုက်တော့ ဖုန်းကျသွားပြီ။ Miss Call ပဲ မြင်ရတော့တယ်။ ဒါနဲ့ သူ miss call ကိုဖွင့်ကြည့်လိုက်တော့ စိန်အောင် ဆိုတဲ့ နာမည်ကို သွားတွေ့တယ်။ ခဏနေ ဖုန်းပြန်မြည်လာတော့ သူကိုင်လိုက်တယ်။ စိန်အောင်ပြန်ဆက် တာပါ။
“ကိုရဲလား …”
စိန်အောင့်ဆီက ကုလားသံဝဲဝဲနဲ့ မိတ်ဆက်စကားသံကိုကြားရတယ်။
“ဟုတ်တယ် ကိုစိန် ပြော . . .”
“ဒီနေ့ ကိုရဲ အခန်းသွားကြည့်မယ်ဆို ကျွန်တော် လာခေါ်ရမလား၊ ကိုရဲလာခဲ့ မလား”
“ကျွန်တော်လာခဲ့လိုက်မယ်၊ ကိုစိန် စောင့်နေလိုက်”
“အဲဒါဆို ၃၈ လမ်းထိပ်ကပဲ စောင့်မယ်”
“အိုကေ၊ ကျွန်တော် နောက် ၁၅ မိနစ်ဆိုရောက်ပြီ”
“ဟုတ်ကဲ့ ကိုရဲ” လို့ ပြောပြီး စိန်အောင်ဖုန်းချသွားတယ်။
အခန်းသွားကြည့်မယ်ဆိုတာက သူတို့ရဲ့ အချိန်းအချက်စကား။
စိန်အောင်က သူတို့ အဖွဲ့ထဲက ရဲဘော် အမှတ် (၁၃)၊ ကံမကောင်းတဲ့ နံပါတ်ကိုယူ ထားပေမယ့် ကံကတော့ အခုအချိန်အထိကောင်းနေဆဲပဲ။ သူက မူဆလင်ဘာသာဝင် တယောက်၊ အိမ်ပွဲစားအလုပ်ကို ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်ပြီး သစ္စာရှိသူတယောက်၊ ဘာသာတရားကို ရိုသေကိုင်းရှိုင်းပြီး တခြားဘာသာတရားတွေကိုလည်း အပြန်အလှန် လေးစားတတ်သူတယောက်။ အတန်းပညာကို ၁၀ တန်းအထိပဲ သင်ဖူးပေမယ့် ပြင်ပဗဟုသုတတွေနဲ့ လုပ်ငန်းမှာ ပေါင်းသင်းရသူတွေဆီက လေ့လာလိုက်စားသင်ယူ တတ်မှုကြောင့် ပညာတတ်တဦးလို ပြောဆိုဆက်ဆံလုပ်ကိုင်တတ်ပြီး ပတ်ဝန်းကျင်နဲ့ လည်း အဆင်ပြေတဲ့သူတယောက်ဖြစ်တယ်။ သူ့ရဲ့ တဦးတည်းသော ညီမလေး မြစ်ကြီးနားကအမျိုးတွေအိမ်ကို မရောက်ခင် လမ်းမှာအသတ်ခံလိုက်ရတယ်။ လုံလုံခြုံခြုံ သပ်သပ်ရပ်ရပ်ဝတ်စားတတ်ပြီး ရန်ကုန်တက္ကသိုလ်မှာ ဒုတိယနှစ် ရူပဗေဒအဓိကနဲ့ ပညာ သင်ယူနေဆဲ အိန္ဒိယချော ချောမော လှပသူလေးတဦးဖြစ်တယ်။
မြန်မာပြည်ရဲ့ထုံးစံအတိုင်း စစ်ဆေးရေးဂိတ်တွေကအများသားလေ။ မြို့အ၀င်စစ် ဆေးရေးဂိတ်မှာ မသင်္ကာလို့ဆိုပြီး သူ့တယောက်ထဲကိုမှ ကားပေါ်ကဆွဲချသွားခဲ့တယ်။ တာဝန်ကျအရာရှိဖြစ်တဲ့ ဗိုလ်ကြီးသန်းဇော်ဆိုသူက “မ”ဖက်မှာ ဒိတ်ဒိတ်ကြဲဖြစ်မှန်း အားလုံးအသိ၊ လက်အောက်ငယ်သားတွေကလည်း ဖိန့်ဖိန်တုန်အောင် ကြောက်ကြရသူ။ ဒါပေမယ့် သတ်ပစ်လောက်အောင်အထိတော့ ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ မိဘူး။ ရန်ကုန်ကမိသားစုတွေက မြစ်ကြီးနားအိမ်ကို ဖုန်းလှမ်းဆက်တော့မှ မရောက် သေးဘူးဆိုပြီး လိုက်ရှာကြတော့ နောက်တရက် အဲဒီတပ်နဲ့ ခပ်လှမ်းလှမ်းက တောစပ်မှာ လည်ပင်းက အညိုအမဲဒဏ်ရာတွေနဲ့ တွေ့ကြရတယ်။ ဆရာဝန်ရဲ့ ဆေးစစ်ချက်မှာ မတရားပြုကျင့်ထားတဲ့ အကြိမ်ပေါင်း (၆) ကြိမ်ထက်မနည်းရှိမယ်လို့ ခန့်မှန်းထားပြီး ဘယ်ဖက်အဆုတ်ကွဲထားတယ်။ လည်ပင်းကို ညှစ်ထားတဲ့ဒဏ်ရာကြောင့် သေဆုံးရခြင်း ဖြစ်တယ်လို့ ဆေးစာမှာရေးထားတယ်။ လချီကြာတဲ့အထိ တရားခံရှာမတွေ့ဘူးဆိုပြီး ရဲစခန်းကလည်း လုပ်ထားတယ်။ တပ်ထဲက သန်းဇော်ကို ကြည့်မရတဲ့ အောက်ခြေပိုင်းက စစ်သားတွေဆီကတဆင့် သန်းဇော် မတော်မတရားကျင့်ပြီး သတ်လိုက်တာမှန်း တဖြည်း ဖြည်းပေါ်လာပေမယ့် မြန်မာပြည်ရဲ့ တရားဥပဒေက အဲဒီစစ်ဗိုလ်အတွက် လုံခြုံတဲ့ တံတိုင်း တခုလို အကာအကွယ်ပေးခဲ့ပြီး အဲဒီအနီးတ၀ိုက်က ရွာသားတချို့ မဆီမဆိုင်နဲ့ အဖမ်းခံခဲ့ရ တယ်။ နောက်ဆုံးမတတ်သာတော့မှ သူမကြည်တဲ့ တပ်ကြပ်ကြီးတယောက်ကို အတင်း အကြပ်ဖိအားပေးပြီး စစ်ကြောရေးလုပ်ဝန်ခံခိုင်းပြီး ထောင်ထဲကိုထည့်လိုက်တယ်။ တပ်ကြပ်ကြီးလည်း ရှေးဘ၀က၀ဋ်ကြွေးတွေ ကြောင့် ထောင်ဒဏ်အနှစ် (၂၀) ကျသွားပြီး ရဲဘက်စခန်းမှာ ငှက်ဖျားနဲ့ ဆုံးသွားခဲ့ရရှာတယ်။ ဒါတွေအားလုံး သန်းဇော်လက်ချက်ဆို တာသိပေမယ့် ဘယ်သူမှ မပြောရဲကြဘူး။
အဲဒီစစ်ဗိုလ်ရဲ့ မတရားမှုကို ဥပဒေပြင်ပကနေ ဖြေရှင်းဖို့အတွက် စိန်အောင် မန္တလေးကို ရထားစီးပြီးလာစဉ်မှာပဲ သူနဲ့ ဆုံတွေ့ခဲ့ကြတာဖြစ်တယ်။ စိန်အောင်ရဲ့ ညှိုးငယ်နေပြီး နာကျည်းမှုတွေပေါ်လွင်နေတဲ့ မျက်နှာကို သူသတိထားမိတယ်။ အိန္ဒိယ ကားထဲက မင်းသားတယောက်နီးပါး ချောမောခန့်ညားပေမယ့် သူ့ညီမလေးစိတ်နဲ့ သူ့ရုပ်က ကျနေတာကို သတိထားမိတယ်။ ပျဉ်းမနားဘူတာကျော်တဲ့အထိ တဦးနဲ့တဦး အသိ အမှတ်ပြုမှုရှိပေမယ့် ဟက်ဟက်ပက်ပက်မရှိလှတဲ့ စိန်အောင့်ကို သူက စကားတွေ ပြောကြည့်ရင်းနဲ့ အဖြေရှာလိုက်တဲ့အခါကျမှ ခုနက အဖြစ်မှန်တွေကိုသိခဲ့ရတာဖြစ်တယ်။
စိန်အောင့်ကို မြစ်ကြီးနားမသွားခင် တရက်အလိုမှာ နန်းရှေ့ရေနီမြောင်းဘေးနားက စားသောက်ဆိုင်တခုမှာချိန်းပြီး စည်းရုံးနိုင်ခဲ့တယ်။ သူတို့အဖွဲ့ရဲ့ (၁၃) ယောက်မြောက် ရဲဘော်ဖြစ်လာခဲ့တယ်။ စိန်အောင့်ရဲ့အရည်အချင်းကို ဘာမှမဟုတ်တဲ့ စစ်ဗိုလ်တကောင် ကြောင့် ဒုက္ခမရောက်စေချင်ဘူးလေ။ သူတွေးတာမှန်ပါတယ်။ ညီမလေးအတွက် သောက တွေနဲ့ ထင်ရာစိုင်းဖြစ်တော့မယ့် စိန်အောင်ဟာ လမ်းကြောင်းမှန်ပေါ်မှာ သူတို့အတွက် အထောက်အကူအများကြီးဖြစ်ခဲ့ပါတယ်။ အခု သူတို့ ရွေးချယ်ထားတဲ့ပစ်မှတ်အတွက် ပစ်ကွင်းကောင်းဖို့ အခင်းအကျင်းဟာ စိန်အောင့်အပေါ်မှာ အများကြီး မူတည်နေပြီး အဓိကတာဝန်ယူရမယ့် သူ့အတွက် စိန်အောင့်ရဲ့ ဖောက်ခွဲရေးပစ္စည်း ဖန်တီးမှုတာဝန်ဟာ အရေးပါလို့နေတယ်။ သင်လိုက်တဲ့ အရာတိုင်းကို ခဏနဲ့ တတ်လွယ်တဲ့ စိန်အောင့်ကို သူ တော်တော် သဘောကျမိတယ်။
သူ့အတွေးစတွေ ခဏဖြတ်ထားပြီး အိမ်ခန်းတံခါးကို သော့ခတ်လိုက်တယ်။
“ကိုရဲ သွားပြီလား”
ဘေးခန်းက ရပ်ကွက်အတွင်းရေးမှူးရဲ့အသံကြောင့်
“ဟုတ်ကဲ့၊ အကိုရော ရုံးသွားပြီလား” လို့ အပြန်အလှန်နှုတ်ဆက်လိုက်တယ်။
သူက ခေါင်းဆတ်ပြပြီး၊ သူ့ကို အရင်ဆင်းပါဆိုတဲ့သဘော လက်ဟန်ပြလိုက်တော့ သူ လှေကားကနေ မပြေးရုံတမယ် ခပ်သွက်သွက်ဆင်းခဲ့တယ်။
၃၈ လမ်းထိပ်ရောက်တော့
“ကိုရဲ လက်ဖက်ရည်သောက်ဦးမလား” လို့ စိန်အောင်ကမေးတော့
“အင်း ကောင်းသားပဲ ဘယ်မှာသောက်မလဲ”
“ကရားကြီးသွားရအောင်လေ” လို့ သူပြန်ပြောလိုက်တယ်။
“ကိုစိန် ဘယ်သွားမလို့လဲ” ဆိုတဲ့ လမ်းထိပ်က ပွဲစားမတယောက်ကလှမ်းမေး လိုက်သံကို စိန်အောင်က . . .
“ကိုရဲကို အခန်းပြမလို့” ဆိုပြီး ခပ်ပြတ်ပြတ်ဖြေလိုက်တယ်။
“ကျွန်မတို့ဆီမှာရှိတယ်” လို့ပြန်ဖြေတော့
“ငါမှာရှိပြီးသား နင်တို့ကိုအဆင်ပြေခဲ့ရင် မုန့်ဖိုးပြန်ပေးမယ်” လို့ စိန်အောင်ပြန်ဖြေ တော့ သူတို့ လည်း အတွန့်ထပ်မတက်တော့ဘူး။
အားလုံး စီးပွားရေးမပြေလည်ကြချိန်မှာ ရတာရှိရင် ခွဲဝေပေးတတ်တဲ့ စိန်အောင့် အကျင့်ကြောင့် ပွဲစားထုံးစံအတိုင်း လုပ်လေ့လုပ်ထရှိတဲ့ ဇွတ်ပွဲခလိုက်တောင်းတာမျိုး၊ ရုပ်ပျက်ဆင်းပျက် လိုက်လာတာမျိုးတွေကို စိန်အောင့်အပေါ်မှာတော့ ဘယ်သူမှ မလုပ်ကြ ဘူးဆိုတာ သူအသိဆုံး။
ဘိုကလေးဈေးလမ်းထိပ်က ကရားကြီးဆီကို သူတို့နှစ်ဦးလုံး ဦးတည်လိုက်ကြ တယ်။ ကရားကြီးမှာ လက်ဖက်ရည် ၂ ခွက်နဲ့ ပလာတာ တယောက် တခုစီစားကြပြီး သူ ပိုက်ဆံရှင်းလိုက်တယ်။ မိုးလင်းစပဲရှိသေးတယ် တောင်းတဲ့ကလေးတွေနဲ့ ပလပ်စတစ် ကောက်တဲ့ ကလေးငယ်လေးတွေက ဗန္ဓုလလမ်းပေါ်မှာ တယောက်စ နှစ်ယောက်စ မြင်နေရပြီ။ သူတို့တွေရဲ့ အနာဂတ်တွေကို ဆက်မတွေးရဲစရာပဲလို့ သူတွေးမိတယ်။ စိန်အောင် အငှားကားသမားနဲ့ အပြန်အလှန်ဈေးဆစ်နေသံကြားမှ သူ့အတွေးစ ပြန်ပြတ် သွားပြန်တယ်။ ထုံးစံအတိုင်း ဆီဈေးတွေက ဘယ်၍ဘယ်မျှဖြစ်လို့ ကားမောင်းနေရတာ မကိုက်တဲ့အကြောင်းတွေကို ဖောင်နေလောက်အောင်ပြောတဲ့ ကားမောင်းသူရဲ့ ဖျော်ဖြေတဲ့ အသံကို နားဆင်ရင်း ရေစက်မှတ်တိုင်မှာ ဆင်းလိုက်ကြတယ်။ ပြီးတော့ အင်ကြင်းမြိုင် လမ်းထဲက ရုပ်ရှင်သမားတွေအများဆုံးလာတတ်တဲ့ ခြံအနီးက ခြံဝင်းတခုထဲကိုဝင် လိုက်တယ်။
“ကိုရန်ရှင်းရှိလား” လို့ ခြံစောင့်ကိုမေးလိုက်ပြီး သူတို့ ခြံဝမှာရပ်စောင့်နေ လိုက်တယ်။ စိန်အောင့်ကို မျက်မှန်းတန်းမိသူဖြစ်လို့ ခြံစောင့်လည်း ချက်ခြင်းပဲ ဖွင့်ပေးလိုက်တယ်။ ခြံလမ်းလေးအတိုင်း နှင်းဆီပန်းခင်းလေးကိုဖြတ်ပြီး ပေါ်တီကို အောက်အထိ လျှောက်ခဲ့ကြတယ်။
“လာ ကိုရဲနဲ့ ကိုစိန်အောင်” လို့ အသံသြသြ၊ အသားဖြူဖြူ တရုတ်သွေးပါသူ ကိုရန်ရှင်းဆိုသူက အိမ်ထဲကနေဖိတ်ခေါ်လိုက်တယ်။ ဧည့်ခန်းကိုဖြတ်ပြီး ကိုရန်ရှင်းရဲ့ စာကြည့်ခန်းဆီကို ဆက်သွားခဲ့ကြတယ်။ ကိုရန်ရှင်းရဲ့ စာကြည့်ခန်းထဲမှာ စာအုပ်တွေ ပြည့်နှက်နေပြီး အထူးသဖြင့် ဓာတ်ပုံပညာနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေက ပိုများ တယ်။ ကိုရန်ရှင်းက ဓာတ်ပုံသမားတယောက်ဖြစ်ပြီး သူတို့ အဖွဲ့ရဲ့ အဖွဲ့ဝင်အမှတ် (၅) ဖြစ် တယ်။ ကိုရန်ရှင်းရဲ့ဇနီးကတော့ ယုဇနပလာဇာမှာ အထည်ဆိုင်ဖွင့်ထားတယ်။ အထူး သဖြင့် သူ့အမျိုးသမီးဆိုင်ကို စစ်ဗိုလ်ကတော်တွေအများဆုံး လာဝယ်လေ့ရှိတယ်။ ဒါပေ မယ့် သူတို့အဖွဲ့ဝင်ဖြစ်တဲ့အကြောင်းကိုတော့ သူ့အမျိုးသမီးကိုတောင် နည်းနည်းမှ အသိမပေးတဲ့အထိ နှုတ်လုံသူဖြစ်တယ်။ မိဘအစဉ်အဆက်ချမ်းသာသူဖြစ်ပြီး သုဝဏ္ဏက အခုနေနေတဲ့ အိမ်ကတော့ သူ့အမျိုးသမီးပိုင်တဲ့ အိမ်ဖြစ်တယ်။ သူနေရခြင်းရဲ့ ရည်ရွယ် ချက်က စစ်ဗိုလ်ချုပ်တွေ အများဆုံးနေတဲ့ နေရာတခုဖြစ်တာကြောင့် သူတို့ လုပ်မယ့် လုပ်ငန်းတွေအတွက် အသုံးတည့်အောင် နေထိုင်နေခြင်းပဲဖြစ်တယ်။
တတ်နိုင်သမျှ အာဏာရှင်အသိုင်းအ၀ိုင်းနဲ့ ၀င်ဆံ့အောင်ပေါင်းခဲ့တာ အခုဆိုရင် ကိုရန်ရှင်းနဲ့ ညနေတိုင်းဂေါက်ရိုက်ဖော်ဟာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့ အာဏာရှင် တဦးဖြစ်နေတယ်။
သူ့စာကြည့်စားပွဲမှာ ၁၉ လက်မအရွယ် မော်နီတာနဲ့ ကွန်ပျူတာတလုံးကို မြင်နေ ရပေမယ့်၊ ဘီရိုထဲကနေ လက်ဆွဲကွန်ပျူတာကလေးကို ထုတ်ပြီးဖွင့်လိုက်တယ်။ လုပ် ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို သူတို့ (၂) ဦးကိုဖတ်စေပြီး၊ စာကိုဖျက်ပစ်လိုက်တယ်။ မနေ့က သူ့အတွက် သီးသန့်ညွှန်ကြားချက်နဲ့ ဘာမှ မကွာပေမယ့် သူသွားရမယ့် အခုဟာက ပစ်မှတ်ရဲ့ အိမ်အခင်း အကျင်းကို 3D နဲ့ ဆွဲထားပြီး အချိန်အတိုင်းအတာနဲ့ လုပ်ဆောင်သွားရမယ့် လုပ်ငန်းစဉ်တွေကိုလည်းဖော်ပြထားတယ်။ နောက်တခုက google earth ကနေ ပစ်မှတ်အိမ်ရဲ့ ကောင်းကင်မြေပုံကိုလည်း ဖော်ပြထားတယ်။ အခု သူပြတဲ့ ရည်ရွယ်ချက်က အိမ်ခြံဝင်းတွင်း အပြင်အဆင်ကို အလွတ်မှတ်ဖို့ဖြစ်ပြီး၊ စိန်အောင်နဲ့အတူ ပစ်မှတ်ရဲ့ အိမ်အပြင်ဖက် အခင်းအကျင်းတွေကို လမ်းလျှောက်ပြီး သွားလေ့လာရမှာ ဖြစ်တယ်။ ကိုရန်ရှင်း နေအိမ်နဲ့ ပစ်မှတ်အကွာအဝေးက မီတာ ၃၀၀ လောက်ရှိမယ်လို့ သူခန့်မှန်းမိတယ်။ ကိုရန်ရှင်းရဲ့ နေအိမ်နဲ့ကပ်လျှက် ကျောကပ်တိုက်ကနေ မျက်နှာချင်း ဆိုင်လောက်မှာ သူတို့ရဲ့ပစ်မှတ်ရှိတယ်။ ကြားထဲမှာ ကွင်းပြင်တခုခြားနေတယ်။ သူမှတ် စရာရှိတာကိုမှတ်ပြီး ကိုရန်ရှင်းရဲ့ နေအိမ်ကနေ ထွက်လာခဲ့ကြတယ်။ ပစ်မှတ်နဲ့ ၂ အိမ် ကျော်လောက်အရောက်မှာ သူက လက်ကိုင်ဖုန်းကို ထုတ်လိုက်တယ်။ ဖုန်းပြော ဟန် ဆောင်ပြီး တလျှောက်လုံး သူ့ဖုန်းကင်မရာနဲ့ ဗီဒီယိုမှတ်တမ်းတင်လိုက်တယ်။ ဒါဆိုရင် သူတို့ (၂) ဦးအတွက် အားလုံးပြည့်စုံသွားပြီ။ မနက်ဖြန်တရက်ပဲ အချိန်ရှိတော့တယ်။ ဒီလူယုတ်မာ အာဏာရှင်တဦးအတွက် လူ့ပြည်မှာနေခွင့်လည်း တရက်ပဲ ကျန်တော့ တယ်လို့ သူတွေးပြီး ပြုံးမိတယ်။
စိန်အောင်က သူ့ဆီမှာရောက်နေပြီဖြစ်တဲ့ ယမ်းပျော့တွေနဲ့ စနစ်တကျ စီရင်ထားတဲ့ သူတို့ရဲ့ လက်လုပ်ဗုံးကို ညနေ (၃) နာရီမှာ လာပေးမယ့်အကြောင်းပြောပြီး သူတို့ (၂) ဦး လမ်းခွဲလိုက်ကြတယ်။ သူက ယုဇနပလာဇာကိုဝင်ပြီး ငွေလွှဲထုတ်ရဦးမယ် လေ။
ဘတ်စ်ကားပေါ်က ဆင်းဆင်းခြင်းပဲ ယုဇနပလာဇာဖက်ကို လမ်းကူးလိုက်တယ်။ ကိုအောင်ဘော့် အမျိုးသမီးဆိုင်ကိုကျော်ပြီး CD တွေ DVD တွေ ရောင်းတဲ့ ဆိုင်တွေဖက် ဦးတည်လိုက်တယ်။ “မျှော်လင့်ခြင်း”လို့ ကဗျာဆန်ဆန်နာမည်ပေးထားပြီး ဘယ်လိုမှ ကဗျာမဆန်တဲ့ အသားမည်းမည်း ကွမ်းဗလဗျစ်လူတယောက်ရှိတဲ့ CD အရောင်းဆိုင်ရှေ့ မှာ သူ့ရဲ့ လမ်းလျှောက်ခြင်းတွေ ရပ်ပြီး သူငွေလာထုတ်တဲ့အကြောင်းပြောလိုက်တယ်။ အဲဒီလူက သူ့ဆီကမှတ်ပုံတင်တောင်းပြီး စာအုပ်တအုပ်မှာ ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးခိုင်းလိုက်တယ်။ မြန်မာငွေ သိန်း (၄ဝ) ကို ကျွတ်ကျွတ်အိတ်ထဲမှာ ပေါ့ပါးစွာကိုင်းရင်း အဲဒီလူကို နှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။ ငွေတွေများတာကြောင့် ဘတ်စ်ကားနဲ့ မပြန်ဘဲ အငှားကားနဲ့ပြန်ဖို့ သူဆုံးဖြတ်လိုက်တယ်။
နေ့လည်ပိုင်း အိမ်မှာပဲ အနားယူလိုက်တယ်။ ညနေ စိန်အောင်ယူလာတဲ့ပစ္စည်းကို ပစ်မှတ်မှာ သွားရောက်တပ်ဆင်ရမယ်။ အဲဒီအတွက် အိမ်တွင်းအပြင်အဆင်ကို ကိုရန်ရှင်း ဆီကမှတ်လာတဲ့ မြင်ကွင်းကို ထပ်ပြီးစဉ်းစားလိုက်တယ်။ လုပ်ဆောင်စရာတွေကို ခေါင်း ထဲမှာ အလွတ်မှတ်ထားပြီး နေ့လည်စာစားဖို့ ပြင်ဆင်လိုက်တယ်။ အချိန်က နေ့လည် ၁၂ နာရီတောင် ခွဲနေပြီ။
“တီ တီ တီ . . .” နဲ့ သူ့ လက်ကိုင်ဖုန်းက မြည်လာတာကြောင့်
“ဟဲလို”
“ကိုရဲလား ကျွန်တော် အောင်မြင့်ဦးပါ။ ကျွန်တော် အပြင်ကနေဆက်နေတာ။ မနက်ဖြန် သုဝဏ္ဏမှာ မြန်မာ့လက်ရွေးစင်နဲ့ အာရှလက်ရွေးစင်ဟောင်းများ ချစ်ကြည်ရေး ပွဲရှိတယ်။ အကို လိုက်မယ်ဆိုရင် ကျွန်တော်လာခေါ်မယ်လေ။”
“မင်းကွာ အားအားယားယား . . .”
“အကို ကြိုက်မယ်ထင်လို့ နာကာတာတို့လည်းပါမှာအကိုရ”
ပြီးမှ သူတစုံတခုကို သတိရသွားပြီး
“အေးပါ နာကာတာပါမယ်ဆိုတော့ ငါလည်းကြည့်ချင်သားပဲ။ အလုပ်တွေထားခဲ့ မယ်ကွာ၊ ဘယ်သူတွေပါသေးလဲ”
“ကျွန်တော့် သူငယ်ချင်း စစ်ဗိုလ်ငကြောင်တကောင်တော့ပါမယ်၊ အဲဒါတော့ အကို ခွင့်လွှတ်ပေး၊ ဒီကောင်လည်း မင်္ဂလာဒုံမှာ သင်တန်းလာတက်တုန်း ပိတ်ရက်နဲ့ဆုံတုန်း လေး ကြည့်ချင်တယ်ဆိုလို့”
“အေးပါ ကြည့်ပစေပေါ့”
သူတချက်ပြုံးလိုက်တယ်။ နှုတ်ခမ်းတွန့်ပြီး ပြုံးတယ်ဆိုရုံလေး။
ဖုန်းပြောအပြီး ထမင်းစားလိုက်တယ်။ ပြီးတော့ ညနေအတွက် အားမွေးဖို့ တရေး တမောအိပ်လိုက်တယ်။ ညနေ ၃ နာရီမထိုးခင် ၁၅ မိနစ်လောက်အလိုမှာ သူနိုးလာတယ်။
“တီ တီ တီ ….” ဆိုတဲ့ သူ့ဖုန်းသံကို ကြားလိုက်တော့ စိန်အောင့်ဆီကမှန်းသိနေပြီ။
“ကိုရဲ စက်တလုံးပြင်မလို့ လာခဲ့တော့မယ်နော်”
“ဟုတ်ကဲ့ ကျွန်တော်အဆင်သင့်ပဲ” လို့ပြောလိုက်တော့ သူဖုန်းချသွားတယ်။
၁၅ မိနစ် လောက်နေတော့ စိန်အောင်ရောက်လာတယ်။ သူ့ ပခုံးပေါ်မှာ ကွန်ပျူတာ system ပုံးကိုထမ်းလို့။ သူက သူ့အခန်းတံခါးကိုပိတ်လိုက်ပြီး စိန်အောင့်ဆီက system ပုံးကို လှမ်းယူလိုက်တယ်။ ပုံးအဖုံးကို ခွာလိုက်တော့ စနစ်တကျထည့်လာတဲ့ ဗုံးကို တွေ့လိုက်ရတယ်။ အဲဒီဗုံးကို ယူပြီး တခြား system ပုံးထဲကို ပြောင်းထည့်ပြီး ပိတ်လိုက်တယ်။ စိန်အောင်က သူလုပ်ထားတဲ့ ဗုံးရဲ့ စနစ်ကို ပြောပြတယ်။ သူက စိန်အောင့်လက်ထဲကို ငွေ (၁၀) သိန်း ထည့်ပေးလိုက်တယ်။ ညနေ ၄ နာရီ မထိုးခင်မှာ ခုနက system ပုံးကို ထမ်းပြီး သူအိမ်အောက် ကိုဆင်းခဲ့တယ်။
“ကိုရဲတို့များ သူများတွေအလုပ်ပါးချိန်မှာ အလုပ်ကိုဖြစ်နေတာပဲနော်” ဆိုတဲ့ အသံ ကိုကြားတော့ အတွင်းရေးမှူးရဲ့ မိန်းမဖြစ်နေတယ်။
“မဟုတ်ပါဘူး အမရယ် နည်းနည်းပါ” ဆိုပြီး သူအိမ်အောက်ကိုဆင်းခဲ့တယ်။
သူလမ်းထိပ်ကိုရောက်တော့ အငှားကားတစီး အသင့်ရောက်လာတာနဲ့ သုဝဏ္ဏလို့ ပြောပြီး တက်လိုက်ခဲ့တယ်။ ကိုရန်ရှင်းအိမ်ရှေ့မှာရပ်ခိုင်းပြီး ကျသင့်ငွေကိုရှင်းပေးလိုက် တယ်။ ကိုရန်ရှင်းခြံစောင့်က သူ့လက်ထဲက system ပုံကိုလှမ်းယူပြီး အိမ်ထဲကို ၀င်ခဲ့ကြ တယ်။ ကိုရန်ရှင်းအခန်းထဲအထိ ခြံစောင့်က လိုက်ပို့ပြီး ကိုရန်ရှင်းက စာကြည့်ခန်းထဲကနေ ဆီးကြိုနေတယ်။
“ကဲ ကိုရဲ အေးအေးဆေးဆေးလုပ်ပေတော့” လို့ ပြောပြီး စာကြည့်ခန်းတံခါးကို ပိတ်လိုက်တယ်။ သူ့ခြံစောင့်ကိုလည်း
“ဘမောင် ငါဒီနေ့အလုပ်ရှုပ်နေတယ်၊ ဧည့်သည်လာရင်မရှိဘူးပြောလိုက်ကွာ”
“ဆရာ့ကားမြင်နေရင်ကောဘယ်လိုလုပ်မလဲ”
“မင်းမလဲတုံးလိုက်တာ၊ သူများနဲ့ လိုက်သွားတယ်ပြောပေါ့ကွ”
“ဟုတ်ကဲ့ဆရာ” လို့ပြောပြီး ကိုရန်ရှင်းခြံစောင့်ထွက်သွားတာကို သူလှမ်းမြင်လိုက် တယ်။
သူတို့ (၂) ဦး အခန်းထဲမှာ စိန်အောင်ဆင်ပေးလိုက်တဲ့ ဗုံးကို အသေအချာစစ်ဆေး ပြီး နောက်ဆုံးအဆင့် တပ်ဆင်ရမယ့် နေရာနဲ့ ကိုက်ညီမှုရှိမရှိ ကြည့်လိုက်တယ်။ သေချာပြီဆိုတော့ ကိုရန်ရှင်းက သူ့လက်ထဲကို Heavy Duty ဓာတ်ခဲ ၂ လုံး၊ အဝေးထိန်း စနစ်ပါတဲ့ ကိရိယာလေးနဲ့ နိုကီယာဖုန်းနဲ့ပြုလုပ်ထားတဲ့ ဗုံးအတွက် အဝေးထိန်း ခလုပ် ကလေးကို သူ့လက်ထဲအပ်လိုက်တယ်။ အဝေးထိန်းစနစ်ကို စိန်အောင်လုပ်ထားတဲ့ ဗုံး ကိုယ်ထည်မှာချည်နှောင်လိုက်ပြီး အဝေးထိန်းခလုပ်ကလေးကိုတော့ သူ့လက်ဆွဲအိတ်ထဲ ကိုထည့်လိုက်တယ်။ အခုမှ ညနေ ၅ နာရီခွဲပဲရှိသေးတော့ သူတို့ ပစ်မှတ်က ဂေါက်ကွင်း ကတောင် ပြန်မရောက်လောက်သေး ဘူး။ ၆ နာရီလောက်မှာပြန်ရောက်တတ်ပြီး ၇ နာရီ လောက်အထိ မြက်ခင်းပေါ်မှာ အနားယူ တတ်တယ်။ သူအနားယူတဲ့နားမှာ ရေစက်ရှိပြီး ဗုံးကို အဲဒီထဲမှာ ဆင်ထားခဲ့ရမယ်။ သူဆင်တဲ့ဗုံးက တညလုံးနဲ့ တနေ့ခင်းလုံး အနားယူနေပြီး နောက်နေ့ ညနေကျမှ အာဏာ ရှင်တဦးကို လူ့ပြည်ကနေ ငရဲပြည်ကိုပို့ဖို့ တာဝန်ကျေအောင် လုပ် ဆောင်ပေးလိမ့်မယ်။
“ကိုရဲ ခေါင်းအေးအေးထားလုပ်နော်၊ လိုရမယ်ရ လက်အိတ်အထူကိုယူသွား။ ခင်ဗျားခြံစည်းရိုးကိုကျော်တဲ့အခါကျရင် လျှပ်စစ်ဓာတ်မလွှတ်ထားတောင် သံဆူးကြိုးဒဏ် တော့ မခံရဘူးပေါ့။”
“ဟုတ်ကဲ့” လို့ပြောလိုက်ပြီး သူက လက်ဆွဲအိတ်ထဲကနေ ကိုရန်ရှင်းအတွက် (၁၀) သိန်းထုတ်ပေးလိုက်တော့
“ကျွန်တော့်ကို မပေးနဲ့တော့လေ။ ခင်ဗျားပဲယူထားလိုက်တော့။ ခင်ဗျားလုပ်နေရတဲ့ တာဝန်တွေကများတယ်”
“မဟုတ်ဘူးလေ၊ ကိုရန်ရှင်းဖက်က လုပ်ပေးတဲ့သူတွေအတွက်လည်း ကိုရန်ရှင်း အိတ်စိုက်ချည်းပဲ လုပ်မနေနဲ့ဦးလေ၊ ဒီထဲကပဲပေးပေါ့” ဆိုတော့ ကိုရန်ရှင်းလက်ခံလိုက် တာကို သူပြုံးပြလိုက်တယ်။
“ကိုရဲ ညနေစာစားတော့မလား” ဆိုတော့
“ကျွန်တော် ပြန်လာမှ စားမယ်လေ၊ အောင်ပွဲအကြိုပေါ့” ဆိုတော့ ကိုရန်ရှင်းက အသံထွက်အောင်ပြုံးပြပြီး လက်မထောင်ပြတယ်။
၇ နာရီ ၃ဝ မှာတော့ သူက ကိုရန်ရှင်းအိမ်မှာ အဆင်သင့်ထားတဲ့ ရေငုတ်ဝတ်စုံလို အနက်ရောင်ကိုယ်ကျပ်ဝတ်စုံကို ၀တ်ဆင်ပြီးနေပြီ။ ဗုံးထည့်ထားတဲ့ သားရေအိတ်ကို ကျောမှာ လွယ်လိုက်ပြီး နောက်ခန်းမလွယ်ပေါက်ကတဆင့် ကားဂိုထောင်ဆီကိုထွက်ခဲ့ တယ်။ ကိုရန်ရှင်းရဲ့ prado ကားနားကနေ ရပ်စောင့်နေချိန်မှာ
“ဟေ့ စာကြည့်ခန်းထဲမှာ ကိုရဲ ကွန်ပျူတာပြင်နေတယ်နော်။ ဘယ်သူမှ အနှောင့် အယှက်သွားမပေးကြနဲ့ ကြားလား” လို့ သူ့အိမ်က မိသားစုတွေကို ပြောဆိုနေသံ ကြားလိုက်ရတယ်။ ခဏနေတော့ သူကားနောက်ခန်းမှာ ဝမ်းလျားမှောက်လျှက် လိုက်လာတယ်။ ကိုရန်ရှင်းက ရှေ့ကမောင်းတယ်။ ၅ မိနစ်တောင်မကြာလိုက်ဘူး ကိုရန်ရှင်းက
“ကိုရဲ အသင့်” လို့ပြောလိုက်တာနဲ့ ကားတံခါးခလုပ်ကို အသာဖွင့်လိုက်တယ်။ ကိုရန်ရှင်း ကားအရှိန်နှေးသွားချိန်မှာ တံခါးကနေ ဂျွမ်းထိုးပြီးလှိမ့်ဆင်းလိုက်တယ်။ နောက်ခြေထောက်နဲ့ ကားတံခါးကို အသာကန်ပြီးပိတ်ပေးလိုက်တယ်။ ဂျူဂျစ်ဆုပညာကို ခါးပတ်အနက် (၃) ဆင့်အထိ သင်ကြားခဲ့တဲ့ သူ့အဖို့ ဖော့ကလေးလို သူ့ ခန္ဓာက မြေပေါ်ရောက်သွားချိန်မှာတော့ ကိုရန်ရှင်းကားတံခါးလည်း ပိတ်ပြီးသားဖြစ်နေပြီ။ သူက နေ့ခင်းတုန်းက ကြည့်ခဲ့တဲ့အတိုင်း အာဏာရှင်အိမ်နဲ့ကပ်ရက် ဆောက်လက်စတိုက်တခုရဲ့ စည်းရိုးအပေါက်ကနေ အသာတိုးဝင်ခဲ့တယ်။ အဲဒီတိုက်ကို စောင့်တဲ့ အစောင့်ရဲ့ ဆေးလိပ်မီးရဲရဲကို မှောင်ထဲကနေလှမ်းမြင်လိုက်တယ်။ သူက အရက်သမားဆိုတာ သိပြီးသားဆိုတော့ သူစိတ်ပေါ့သွားမိတယ်။ အခုဆောက်နေတဲ့တိုက်ကလည်း ဗိုလ်ချုပ် တယောက်ရဲ့တိုက်ပါပဲ။ သေချာတာကတော့ အခုလုပ်ငန်းစဉ်အောင်မြင်သွားခဲ့ရင် အဲဒီဗိုလ်ချုပ်တော့ အိမ်ရောင်းပြီး ဒီနေရာကနေခွာမှာဆိုတာ သေချာနေသလောက်ပဲ။
သူ ခြံစည်းရိုးကိုကပ်ပြီး အမှောင်ရိပ်အကျဆုံးနေရာကိုရွေးလိုက်တယ်။ အဲဒီနေရာ က အုတ်နံရံတက်ပြီးသားဆိုတော့ အစောင့်က လှမ်းမမြင်နိုင်ဘူး။ မြင်လည်း ကိစ္စမရှိဘူး၊ အဲဒီလူ အရက်တော်တော်မူးနေပြီ။ အဲဒီနေရာကနေ အုတ်တံတိုင်းနားမှာ လှေကားအသေး တခုကို အသင့်တွေ့တာနဲ့ ထောင်ပြီး တဖက်ကိုကျော်တက်ဖို့ လုံးပမ်းလိုက်တယ်။ တဖက်က သစ်ပင်အုံ့နေတဲ့နေရာနားအထိ သူလှေကားကို အသာရွှေ့လိုက်တယ်။ သေချာပြီဆိုတော့ သူလှေကားပေါ်ကိုအသာတက်ခဲ့တယ်။ သံဆူးကြိုးနားကိုရောက်တော့ ပါလာတဲ့ tester နဲ့ စမ်းကြည့်လိုက်တော့ သူ ကိုရန်ရှင်းကိုကျေးဇူးအထူးတင်မိတယ်။ ဓာတ်အားတွေလွှတ်ထားတယ်လေ။ သူ့လက်အိတ်က ခံနိုင်ရည်ရှိတာမှန်ပေမယ့် ခြေရာလက်ရာမပျက်ဖို့နဲ့ သူတို့လွှတ်ထားတဲ့ ဓာတ်အားတွေပြတ်မသွားဖို့ လိုအပ်တာ ကြောင့် သူအောက်ကို ခဏပြန်ဆင်းလိုက်တယ်။ အောက်မှာ သစ်သားချောင်း (၁) ပေ လောက်များတွေ့နိုင်မလားဆိုပြီး သူရှာလိုက်တယ်။ နံရံနဲ့ကပ်ပြီး ၄ လက်မ ၂ လက်မ တချောင်း ၁ ပေခွဲလောက်ကိုတွေ့လိုက်တော့ သူတော်တော်ပျော်သွားမိတယ်။ အဲဒါကို သူယူပြီး လှေကားပေါ်ပြန်တက်ခဲ့တယ်။
လှေကားကိုခြေကုပ်ယူပြီး သံဆူးကြိုးကို လူတကိုယ်ဝင်သာရုံ သစ်သားချောင်းနဲ့ ထောက်လိုက်တယ်။ ပြီးမှ ဝမ်းလျားထိုးလျှိုပြီးဝင်လိုက်တယ်။ တဖက်မှာ လှေကားမရှိပေ မယ့် မန်ကျည်းပင်ကိုင်းတခုက လက်တလှမ်းမှာပဲ ရှိနေတယ်။ ကံကောင်းတာက အဲဒီ နေရာကလည်း မှောင်ရိပ်ကျနေတယ်။ သူ သစ်ကိုင်းကိုဆွဲပြီး ခိုလိုက်တယ်။ ပြီးမှ အောက်ကို အသံမကြားအောင် ခြေဖော့ပြီးခုန်ချလိုက်တယ်။ အားလုံးတော့ အဆင် ပြေနေဆဲပါပဲ။ အစောင့် စစ်သားတွေနေတဲ့ အိမ်ဆီကိုလှမ်းကြည့်လိုက်တော့ သူတို့လည်း တဖက်အိမ်က အစောင့်နည်းတူပါပဲ တော်တော်မူးနေကြပြီ။ သူတို့အဘ အိမ်ထဲပြန် ၀င်တုန်း မိနစ် ၃၀ လောက်မှာ နွားငတ်ရေကျသောက်ကြပုံရတယ်။ သူကိုယ်ကိုဝပ်ပြီး ရေစက်ရှိရာကို သတိထားပြီး တွားသွားလိုက်တယ်။ အဲလိုမသွားလို့မဖြစ်ဘူး၊ မီးရောင်တွေက အဲဒီနေရာမှာရှိတယ်။ သူ့အတွက် အကာအကွယ်ဆိုလို့ အလှမြက်ခင်းစိုက်ထားတဲ့ အုတ်ဘောင် ၁ ပေနီးပါးထုပဲရှိတယ်။ ဒါပေမယ့် သူ့ကိုယ်ပေါ်မှာ အနက်ရောင်ဝတ် ထားတာကြောင့် တော်ရုံလူက အမှတ်တမဲ့ဆိုရင် သတိထားမိမှာ မဟုတ်ဘူး။ ဒါပေမယ့် သူ့လှုပ်ရှားမှုကိုတော့ တတ်နိုင်သမျှ သတိထားလိုက်ပြီး ရေစက်နားအရောက်သွားလိုက် တာ နောက်ထပ်ခြေနှစ်လှမ်းစာဆိုရင် ရောက်တော့မယ်။ အစောင့်တွေက သံဆူးကြိုးတွေ ဓာတ်အားလွှတ်ထားတာကိုလည်း အားကိုးထားတဲ့ပုံပါပဲ။ လှုပ်ရှားမှုသိပ်မရှိဘူး။ သူတို့ကို ဒီအိမ်နဲ့ပတ်သက်တဲ့ သတင်းပေးလုပ်တဲ့ တပ်ကြပ်ကြီး ကတော့ ရှေ့တန်းကို သွားရလို့ ဒီမှာမရှိတော့ဘူး။ သူသတိကိုလုံးဝမလွတ်အောင် ထိန်းချုပ်နေရတော့ ထင်သလောက် ခရီးမပေါက်သလိုဖြစ်နေတယ်။ ဒါပေမယ့် အား ကောင်းတဲ့ လက်နှိပ်ဓာတ်မီးတချက် ၀င်းသွားတာကို သတိထားမိတော့ အုတ်ဘောင်နဲ့ ကိုယ်ကို အတတ်နိုင်ဆုံး ပြားကပ်နေလိုက်တယ်။
“ဟေ့ကောင် ဘိုထင် ရေစက်နားမှာ ရိပ်ကနဲမြင်လိုက်တယ်”
“မင်းကလည်းကွာ ဒီခြံထဲကို ဘယ်သူလာနိုင်မှာလဲ၊ သံဆူးကြိုးတွေကိုလည်း ဓာတ် အားတွေလွှတ်ထားတာ”
“ဒါပေမယ့် ငါမြင်လိုက်သလိုပဲ”
“မင်းတော်တော်မူးနေပြီထင်တယ်၊ မင်းက မူးလာပြီဆို ဒီအတိုင်းပဲ၊ ဟိုတခါက လည်း သူရဲဆိုပြီး မင်းအော်တာမှတ်မိသေးလား။ အေး အဲဒီတုန်းက အဘက နေပြည် တော်ရောက်နေလို့၊ အခု ငါတို့ ဆူဆူညံညံလုပ်ရင် အဘသိသွားလိမ့်မယ်၊ အဘခဏ နေအိပ်တော့မယ်၊ ခုနေပြန်ထွက်လာရင် မင်းရောငါရော အလုပ်ပြုတ်သွားမယ် သိလား”
“အေးပါကွာ၊ ငါလည်းစိတ်ထင်လို့ပါ”
“အေးဆေးသောက်ဟေ့ကောင်၊ ဒီခြံထဲကို ခြင်တကောင်တောင် ၀င်နိုင်မှာမဟုတ် ဘူး”
အစောင့်စစ်သားတွေ ပြောနေသံခပ်သဲ့သဲ့ကို သူကြားလိုက်တယ်။ သူရယ်ချင်မိ သွားတယ်။ ဒါပေမယ့် သူမရယ်ရက်ပါဘူး၊ တရားမျှတမှုအတွက် သူကတိုက်ပွဲဝင်နေချိန်မှာ သူအန္တရာယ်ကြီးသလို သူတို့လည်းအန္တရာယ်များပါတယ်။ နောက်ပြီး သူတို့က အာဏာရှင်လို ရက်စက်ယုတ်မာတဲ့ အတိုင်းအတာက ဘယ်လောက်ထိရှိနိုင်မှာလဲ။ သူတို့ဘ၀က ခိုင်းတာလုပ် ထားရာနေ စေရာသွားမဟုတ်လား။ သူတို့တာဝန်ပေါ့လျော့မှုက သူ့အတွက် ကံကောင်းစေပေမယ့် သူတို့အတွက်တော့ ကံမကောင်းပါဘူး။ သူတို့ နောက်ကွယ်က သူတို့ကို မှီခိုနေတဲ့ သူတို့မိသားစုတွေဘ၀ရှေ့ရေး၊ ဒါပေမယ့် သူမတတ်နိုင် ပါဘူး။ သူတို့ ကံကောင်းပါစေလို့ပဲ ဆုတောင်းရမှာပဲ။ အခုလောလောဆယ်တော့ အာဏာ ရှင်တဦး ငရဲပြည်သွားမယ့်ခရီးအတွက် သူတို့ရဲ့ ပေါ့လျော့မှုက ပူးပေါင်းပါဝင်ပေးနေတယ် လို့ပဲ သူယူဆလိုက်တယ်။ သူစဉ်းစားရင်းနဲ့ ရေစက်ရဲ့ နံရံကို ကပ်မိသွားပြီ။ ဘယ်နေရာမှာ ဗုံးကို ကပ်ရမလဲ၊ သူနေရာရွေးလိုက်တယ်။
သူရေစက်နားရောက်ခါမှ ဗြုန်းကနဲဖွင့်လိုက်တဲ့ ဆူညံတဲ့ ရေစက်သံကြောင့် သူ့နား တွေ အူသွားတယ်။ ဒါပေမယ့် ဗုံးဆင်နေချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အသံတွေကို ဒီရေစက် သံက ဖုံးသွားနိုင်တာကြောင့် သူဝမ်းသာသွားတယ်။ အဖွင့်အပိတ်တံခါးမှာတော့ ဗုံးကို တပ်ဆင်ဖို့ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် သူ့ကိုယ်ကို ရေစက်ဘေးဖက်ရွှေ့လိုက်တယ်။ အဲဒီနေရာက အိမ်တွေကို တံစက်မြိတ်နေရာဖြစ်ပြီး ၄ လက်မ ၁ လက်မ ပျဉ်ချောင်းတခုနဲ့ ခါးပန်းလို ပြန်ချုပ်ရိုက်ထားတာကြောင့် သူဗုံးဆင်ထားခဲ့ရင် ဘယ်သူမှမြင်နိုင်မှာမဟုတ် ဘူး။ သူဗုံးကိုထုတ်လိုက်ပြီး ရေစက်အမိုးမှာ ပါလာတဲ့ သံနန်းကြိုးနဲ့ စနစ်တကျ ချည်နှောင်တပ်ဆင်လိုက်တယ်။ ပြီးတော့ အဝေးထိန်းကိရိယာကို ဖွင့်လိုက်တယ်။ အဝေးထိန်းကိရိယာဖြစ်တဲ့ နိုကီယာဖုန်းလေးကိုတော့ ပါဝါဖွင့်မထားသေးဘဲ သူ့အိတ်ထဲ ကို အသာပြန်ထည့်ထားလိုက်တယ်။ သေချာမှုရှိမရှိနဲ့ ခြေရာလက်ရာပျက်မပျက် သူ အသေအချာစစ်ဆေးလိုက်ပြီး သူပြန်ထွက်ခွာဖို့ပြင်ဆင်လိုက်တယ်။ အားလုံးသေချာပြီဆို တော့ သူနောက်ပြန်တွားပြီး မူလနေရာကို သွားလိုက်တယ်။ စိတ်ပေါ့ပါးနေလို့လားတော့ မသိဘူး မန်ကျည်းပင်အောက်ခြေကို ခဏနဲ့ ပြန်ရောက်လာတယ်လို့ ထင်မိတယ်။ သစ်ပင် ကို ကြောင်တကောင်လို ပေါ့ပါးသွက်လက်စွာနဲ့ တက်လိုက်ချိန်မှာပဲ အစောင့်စစ်သားတွေ နေတဲ့ဆီက စစ်သားတယောက် သူရှိရာဖက်ကို လာနေတာတွေ့ရတယ်။ သူနံရံကို အမြန်လှမ်းဆွဲပြီး သံဆူးကြိုးအောက်ကို ခုနက တုတ်လျှိုထားတဲ့အတိုင်း လှိမ့်ဝင်လိုက် တယ်။ သူထင်တဲ့အတိုင်းပဲ မန်ကျည်းပင်ကို လက်နှိပ်ဓာတ်မီးနဲ့ လှမ်းထိုးတာကို သူထောင်ထားခဲ့တဲ့ လှေကားပေါ်အရောက် လှမ်းမြင်လိုက်ရတယ်။ သူအောက်ကိုဆင်းပြီး ချိန်မှာပဲ လှေကားကို မူရင်းနေရာအတိုင်း လက်ရာမပျက်အောင်ပြန်ထားလိုက်တယ်။ သူ့ရဲ့ စေ့စပ်သေချာမှုက သူတို့နောက်ကို ဘယ်လိုမှ လိုက်လို့မရအောင်ဖြစ်နေလိမ့်မယ်။ အားလုံးပေါင်း မိနစ် (၂၀) လောက် ကြားသွားတယ်။ နောက်ထက် (၅) မိနစ်ဆိုရင် ကိုရန်ရှင်းကား လာတော့မယ်။ သူခြံရှေ့ကိုပြန်ရောက်ဖို့ အစောင့်ရဲ့အခြေအနေကို လှမ်း ကြည့်လိုက်တယ်။ လာတုန်းကအတိုင်း နံရံကိုကပ်ပြီး တဖြည်းဖြည်းချင်းရှေ့တက်ခဲ့တယ်။ သူခြံရှေ့က ခြုံလေးတခုနားကပ်နေချိန်မှာ သုဝဏ္ဏရဲ့ အထက်တန်းလွှာရပ်ကွက်ကြီး တခုလုံးက ခြောက်ကပ်တိတ်ဆိတ်လို့။ မနက်ဖြန် အခုချိန်လောက်ဆိုရင်တော့ စည်ကားနေမယ်လို့ သူထင်တယ်။ ရဲတွေ စစ်သားတွေနဲ့ပေါ့။ ခဏနေတော့ ကိုရန်ရှင်းကားကို ကွင်းဘေးကနေချိုးလာတာ သူတွေ့လိုက်တယ်။ မီးကို (၃) ချက် အဖွင့်အပိတ်လုပ်ပြလိုက်တော့ သူ ပုန်းနေတဲ့ ခြုံကလေးကနေ အသင့်ပြင်ထားလိုက် တယ်။
ကားပေါ်ရောက်ချိန်မှာတော့ သူ ရင်တွေ မခုန်စဖူးခုန်နေလို့လေ။ ကိုရန်ရှင်းကို သူလက်မထောင်ပြလိုက်တော့ ကိုရန်ရှင်းက ကားမောင်းနေရင်းက လက်မပြန်ထောင်ပြ လိုက်တယ်။
နောက်ဖေးတံခါးကနေသူအသာပြန်ဝင်ပြီး အခန်းထဲမှာ ဟန်မပျက်နေလိုက်တယ်။ ခဏနေတော့ ကိုရန်ရှင်းက
“ကိုရဲ ထမင်းစားရအောင်” လို့ ခေါ်သံနဲ့အတူ အခန်းထဲဝင်လာတာကိုတွေ့ရတယ်။
မရှေးမနှောင်းပဲ ကိုရန်ရှင်းအမျိုးသမီးက
“ကိုရန်ရှင်းက မခေါ်နဲ့ဆိုလို့ ခုနကတောင် ကျွန်မတို့ ထမင်းစားတော့ ကိုရဲကိုလာခေါ်ဖို့ သတိရသေးတယ်”
“ဟုတ်ကဲ့ အမ ကျွန်တော် ကိုရန်ရှင်းနဲ့ အခုစားလိုက်ပါတော့မယ်” လို့ ရင်ခုန်သံ နည်းနည်းပါနေတဲ့ လေသံနဲ့ ပြန်ဖြေလိုက်တယ်။ ကိုရန်ရှင်းအမျိုးသမီးကတော့ သူတို့တွေ ဘယ်သွားလိုက်မှန် နည်းနည်းလေးမှ သတိထားမိဟန်မတူဘူး။

………………………………………………………………………………………………………………

မနက်ခင်းကို မနေ့ကလိုပဲ ပေါ့ပါးလန်းဆန်းစွာနဲ့ သူနိုးလာတယ်။ မြို့မငြိမ်းရဲ့ ပြည်တော်ဝင်သီချင်းကို သီဆိုလို့ သူ့မနက်ခင်းကိုကြိုဆိုလိုက်တယ်။ ဒီနေ့မနက်ခင်းတခု လုံးနဲ့ နေ့လည်ပိုင်းတပိုင်းလုံး သူအိမ်မှာပဲ လုပ်စရာရှိတယ်။ ညနေပိုင်းကျမှပဲ သူ့သူငယ်ချင်းတွေနဲ့ ဘောလုံးပွဲကိုသွားရမှာလေ။ အဲဒီကျမှ … … … သူ့အစီအစဉ်ကိုဆက် မတွေးတော့ဘဲ ပြုံးတယ်ဆိုရုံလေး တကိုယ်ထဲ ကြိတ်ပြုံးမိတယ်။ ညနေကျရင်တော့ ပြည်တွင်းက ဂျာနယ်သမားတွေနဲ့ လက်ပွေ့ရောင်းကြတဲ့ ဂျာနယ်အရောင်းသမားလေးတွေ ကို အလုပ်အကျွေးပြုရတော့မယ်လို့လည်း ပီတိဖြစ်မိသေးတယ်။
“တီ တီ တီ …” ဖုန်းသံကြားကတည်းက အောင်မြင့်ဦးမှန်းသိလိုက်တယ်။ ဒီကောင် ၀ီရိယကောင်းလှပါလား။ အခုမှ နေ့လည် ၂ နာရီခွဲပဲရှိသေးတယ်။
“အကိုအိမ်မှာပဲလား”
“အေး၊ လာခဲ့လေ”
“မတက်တော့ဘူးအကို ကျွန်တော်တို့ အောက်ကပဲစောင့်တော့မယ်”
“အခုရောက်နေပြီလား”
“မရောက်သေးဘူးအကို အိမ်နားကဆက်နေတာ”
“အေးရောက်ရင်ပြော”
“ဟုတ်ကဲ့အကို”
အောင်မြင့်ဦးဖုန်းချသွားတော့ သူရေချိုးခန်းကို တခေါက်ပြန်ဝင်လိုက်တယ်။
ရေချိုးအပြီးမှာ ပြောလို့ရတဲ့ဖုန်းကို ခါးမှာချိတ်လိုက်တယ်။ အဝေးထိန်းခလုပ်ပါတဲ့ ဖုန်းကိုတော့ ဘောင်းဘီအိတ်ထဲမှာထည့်လိုက်တယ်။ ဖုန်းမြည်သံပြန်ကြားတော့ အောင်မြင့်ဦး ဖြစ်နေတာနဲ့ ဆင်းခဲ့တော့မယ့်အကြောင်းပြောပြီး ပစ္စည်းတွေကျန်လား စစ်ဆေးပြီး အိမ်တံခါးကို သော့ပိတ်ဆင်းခဲ့တယ်။
အောင်မြင့်ဦးက သူ့သူချင်းစစ်ဗိုလ်ကားပေါ်ကနေလှမ်းခေါ်လို့ သူတို့ကားရပ်ထား တဲ့နေရာကို သူလျှောက်လိုက်တယ်။ ရောက်ရောက်ချင်းပဲ …
“ကိုရဲ ကျွန်တော့်သူငယ်ချင်းနဲ့ မိတ်ဆက်ပေးပါရစေ … ဒါ (….) တပ်က ဗိုလ်ကြီး အောင်မျိုးအေးပါ”
“ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်”
“ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ကိုရဲ။ ကျွန်တော်ဗိုလ်ကြီးအောင်မျိုးအေးပါ။ ကျွန်တော်လည်း ဒီနေ့သင်တန်းပိတ်လို့ လာကြည့်နိုင်တာ။ ကျွန်တော့်ကိုလည်း အောင်မြင့်ဦးလိုပဲခင်နိုင်ပါတယ်။”
“ဟုတ်ကဲ့” လို့ပြောပြီး သူကားပေါ်တက်လိုက်တယ်။
“ဘောလုံးပွဲကောင်းကောင်းမကြည့်ရတာကြာပြီအကိုရာ ခုမှပဲကြည့်ရတော့မယ်”
“နာကာတာအပြင်ဘယ်သူတွေပါသေးလဲ”
“အီရန်က အလီဒါယီနဲ့ ကိုရီးယားက ဟောင်မြန်ဘိုတို့ပါတယ်၊ ဂိုးသမားကတော့ ဆော်ဒီကကောင်ပဲ”
“မြန်မာဖက်ကရော …”
“မျိုးလှိုင်ဝင်းကိုတော့ ပြန်ထည့်ထားတယ်ပြောတယ်၊ စိုးမြတ်မင်းကတော့ အသင်း ခေါင်းဆောင်ပဲ”
“အေးဒါဆိုရင်တော့ ပွဲကမဆိုးလောက်ပါဘူး။ ကြည့်ကောင်းမယ်ထင်ပါတယ်။”
သူနဲ့ အောင်မြင့်ဦး စကားတွေ အချီအချပြောနေချိန်မှာ ဗိုလ်ကြီးအောင်မျိုးအေး ကတော့ ကားကို ဂရုတစိုက်မောင်းရင်းနဲ့ သုဝဏ္ဏကွင်းဆီကိုဦးတည်လို့ …
ကွင်းနားကိုမရောက်ခင်ကတည်းက လူအုပ်ကြီးက မည်းသည်းနေတယ်။ ဘောလုံးပွဲကောင်းတွေနဲ့ နာမည်ကျော်ဘောလုံးသမားတွေကို မြန်မာပြည်က ဘောလုံးချစ် တဲ့သူတွေ အရှင်လတ်လတ်ကြည်ချင်ကြပေမပေါ့လို့ သူတွေးလိုက်တယ်။
အထူးတန်းကလက်မှတ်ဝယ်ပြီး သူတို့ကွင်းထဲကိုဝင်ခဲ့ကြတယ်။
“ကိုရဲဘာစားဦးမလဲ” လို့ အောင်မြင့်ဦးကပြောတော့
“မင်းကြိုက်တာသာဝယ်ခဲ့ပါကွာ ရေဗူးတော့မမေ့နဲ့” လို့ သူမှာလိုက်တယ်။
ပိုက်ဆံကိုသူထုတ်မယ်လုပ်တော့ ဗိုလ်ကြီးအောင်မျိုးအေးက သူထုတ်ပါရစေပြော ပြီး အောင်မြင့်ဦးလက်ထဲထည့်လိုက်တယ်။ အောင်မြင့်ဦး မုန့်သွားဝယ်နေတုန်း
“ကိုရဲက တကိုယ်တော်ပဲလား” လို့ အောင်မျိုးအေးမေးတာကို
“တကိုယ်တော်ပါပဲဗျာ၊ ကြိုက်မယ့်သူလဲမရှိပါဘူး” လို့ ရင်းရင်းနှီးနှီးပြန်ပြောလိုက် တယ်။ အောင်မြင့်ဦးပြန်လာတော့ သူတို့ ပွဲကြည့်စင်ပေါ်ကိုတက်ခဲ့ကြတယ်။
ပထမပိုင်းမှာ ချစ်ကြည်ရေးပွဲဖြစ်တာကတကြောင်း ခြေကကွာတာကတကြောင်း ကြောင့် ပွဲကအေးနေတယ်။ ဒါပေမယ့် အာရှလက်ရွေးစင်အသင်းက ၂ ဂိုးသွင်းထားပြီးပြီ။ ပထမပိုင်းမှာ မျိုးလှိုင်ဝင်းကို နည်းပြက ထည့်မသုံးသေးဘူး။ အလီဒါယီနဲ့ နာကာတာတို့က တဂိုးစီသွင်းထားပြီးပြီ။ ပွဲကအေးပေမယ့် သူတို့ (၃) ဦးသားစလုံး ပွဲထဲမှာပဲ စိတ်ရောက်နေ လို့ တယောက်နဲ့တယောက် စကားမပြောမိကြဘူး။ ပရိသတ်ရဲ့ အော်ဟစ်အားပေးသံတွေ ကလည်း ဆူညံနေလို့။
ဒုတိယပိုင်းစချိန်မှာတော့ မြန်မာအသင်းက နည်းနည်းသွက်လာတယ်။ ပွဲကလည်း ပထမပိုင်းထက် ပိုပြီး မြန်လာတယ်။ မြန်မာအသင်းဖက်က မျိုးလှိုင်ဝင်းပါလာပြီ။ သူခြေထောက်ထဲကို ဘောလုံးရောက်သွားတိုင်း ပရိသတ်ကလည်း ၀က်ဝက်ကွဲအားပေး ကြတယ်။ ပွဲကစားချိန် တ၀က်လောက်ရောက်တော့ ဆလိုက်မီးအလင်းရောင်တွေက မြက်ခင်းပေါ်မှာ လင်းနေပြီ။ ပတ်ဝန်းကျင်ကလည်းမှောင်စပျိုးနေပြီ။ သူနာရီကိုကြည့်လိုက် တော့ ၆ နာရီထိုးပြီ။ ပွဲမစခင် စတိတ်ရှိုးအစီအစဉ်ကလည်း ရှိသေးတော့ ပွဲချိန်နောက်ကျ သွားတယ်။ အားကစားဝန်ကြီးရဲ့ အရေမရအဖတ်မရမိန့်ခွန်းကြောင့်လည်း အချိန်ပိုကြာ သွားတယ်။ ဒါပေမယ့် သူဝမ်းသာသွားတယ်။ ပွဲသာစောစောပြီးသွားရင် မလွယ်ဘူး။ အခုအတိုင်းဆိုရင် နောက်ထပ်ပွဲချိန် မိနစ် ၂၀ အကျန်မှာ သူ့လုပ်ငန်းစဉ်ကို အကောင် အထည်ဖော်ရတော့မယ်။ ကိုရန်ရှင်းဆီက ဖုန်းလာရင်တော့ သူ့ဘောင်းဘီထဲက အဝေးထိန်းစနစ်ပါတဲ့ဖုန်းကို ထုတ်ပြီး အဆင်သင့်ပြင်ရတော့မယ်။
“တီ တီ တီ…” ဆိုပြီး ဆူညံနေတဲ့ကြားထဲက သူ့ဖုန်းသံကို သတိထားမိတယ်။
“ကိုရဲလား၊ ဘယ်ရောက်နေလဲ”
“ကျွန်တော်ဘောလုံးပွဲကြည့်နေတယ်ကိုရန်ရှင်း”
“ခင်ဗျားစက်ကောင်းသွားပြီလား ၀င်းဒိုးတက်ပြီလား”
“၀င်းဒိုးတက်နေပါပြီ၊ ဓာတ်ပုံဖိုင်တွေ ဖွင့်ကြည့်လိုက်ဦးမယ်”
“အိုကေ”
သူနားလည်သွားတယ်။ ပစ်မှတ်ကအိမ်ရောက်နေပါပြီ။ “၀င်းဒိုးတက်နေပါပြီ” ဆိုတာ သူတို့ချင်းဘာသာစကား။ ဒါဆိုရင် သူ့လှုပ်ရှားရတော့မယ်။ ပြောတဲ့ဖုန်းကို ဘောင်းဘီအိတ်ထဲမသိမသာထည့်ပြီး အဝေးထိန်းပါတဲ့ဖုန်းနဲ့ လဲလိုက်တယ်။ ဖုန်းနံပါတ် တွေကို ရှာသလိုလုပ်ပြီး ခလုပ်ကိုဖွင့်လိုက်တယ်။ ပတ်ဝန်းကျင်ကတော့ ဘောလုံးပွဲထဲမှာ မြောနေတယ်။ ပွဲကလည်း ပြီးခါနီးနေပြီ။ မြန်မာအသင်းက ဒီအတိုင်းဆို (၂) ဂိုးပြတ်နဲ့ ရှုံးတော့မယ်။ ဗုံးဖောက်ရမယ့် ခလုပ်ပေါ်ကို လက်တင်ထားလိုက်ပြီး ပွဲကို ဆက်ကြည့် လိုက်တယ်။ မျိုးလှိုင်ဝင်းဆွဲပြေးတာကို ဟောင်မြန်ဘိုဖျက်တာကြမ်းလို့ ဘီးကုတ်စက်ဝိုင်း နားလေးမှာ ပြစ်ဒဏ်ဘောရတယ်။ ဒါကို စိုးမြတ်မင်းသွင်းမယ်။ ပရိသတ်လည်း ခဏတော့ တိတ်ဆိတ်သွားတယ်။ စိုးမြတ်မင်းသွင်းဖို့ အရှိန်ယူ ပြေးနေတုန်းမှာ ပရိတ်သတ်ဆီက အားပေးသံတွေ ပြန်ညံလာတယ်။ သူလည်း နည်းနည်းတော့ ရင်ခုန်လာတယ်။ ပရိတ်သတ်ဆီက “ဂိုး” ဆိုတဲ့ မြည်ဟည်းသံကြီးနဲ့အတူ သူလက်ကခလုပ်ကို မျက်နှာမပျက်နှိပ်လိုက်တယ်။ သူ့စိတ်ထဲမှာ မြေကြီး နည်းနည်းတုန်သွားတယ်လို့ ထင်မိတယ်။ ဂိုးသွင်းပြီး ၇ မိနစ်လောက် ကစားပြီးတော့ ပွဲချိန်က စေ့သွားပါပြီ။ ကစား သမားတွေလည်း ပရိတ်သတ်ကိုနှုတ်ဆက်ပြီး ကွင်းထဲကထွက်သွားကြသလို သူတို့လည်း ပွဲကြည့်စင်ပေါ်ကနေ အောက်ကို ဆင်းခဲ့ကြတယ်။
ကွင်းပြင်ပမှာတော့ ခါတိုင်းနဲ့မတူတဲ့ လုံခြုံရေးတွေကိုတွေ့ရပြီး အခုမှလာကြပုံပါပဲ။ သူကတော့ နားလည်လိုက်ပြီ။ သူတို့ ကားအပ်ထားတဲ့ဆီကနေထွက်လာတော့ လူအုပ်ကြီးနဲ့မို့ ဖြည်းဖြည်းချင်းမောင်းထွက်ခဲ့ရတယ်။ သံသုမာလမ်းပေါ်ရောက်တော့ ရှေ့က ကားတွေပိတ်နေတာနဲ့ သူတို့ကားလည်း အရှိန်ပြန်နှေးသွားပြန်တယ်။
“တာဝန်အရစစ်ပါရစေ” လို့ ရဲအရာရှိဝတ်စုံနဲ့တယောက်ကခွင့်တောင်းတော့
“ဟုတ်ကဲ့စစ်ပါ” လို့ ဗိုလ်ကြီးအောင်မျိုးအေးက ပြန်ပြောလိုက်တယ်။ တဆက် တည်း “ကျွန်တော် ဗိုလ်ကြီးအောင်မျိုးအေးပါ (….) တပ်ကပါ၊ ဘာများဖြစ်လို့လဲ” လို့ဆက်မေးလိုက်တယ်။ ရဲအရာရှိက ချက်ချင်းပဲ အလေးပြုပြီး
“ဟုတ်ကဲ့ဗိုလ်ကြီး သုဝဏ္ဏက ဗိုလ်ချုပ် (…….) အိမ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပါတယ်။ ဗိုလ်ချုပ် (…….) ကတော့ ဖြစ်တဲ့ နေရာမှာပဲဆုံးသွားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လုံခြုံရေးအရ စစ်ဆေးနေတာပါ”
“ဟာ” ဆိုတဲ့ ဗိုလ်ကြီး အောင်မျိုးအေးဆီက အာမေဋိတ်သံနဲ့အတူ အောင်မြင့်ဦး ဆီလည်း ထွက်လာတယ်။
“အဲဒါဆို ကျွန်တော်လည်း ဒီကမိတ်ဆွေတွေကို ပြန်ပို့ပြီး တပ်ကိုပြန်မှဖြစ်မယ်။ နောက်ထပ်ရော ဘယ်သူတွေပါသွားသေးလဲ”
“သူ့သားအကြီး ဗိုလ်မှူး ….. နဲ့ သူ့ လက်ထောက်တယောက်လည်း အခြေအနေ ဆိုးတယ်လို့ပြောတယ်” လို့ပြောအပြီး ရဲအရာရှိလည်း သူ့ကို အလေးပြုလိုက်တယ်။ သူက အလေးပြန်ပြုနှုတ်ဆက်ပြီး ကားကို အဲဒီနေရာကနေမောင်းထွက်ခဲ့တယ်။ ဗိုလ်ကြီး အောင်မျိုးအေးကတော့ သူတို့အကြီးအကဲဖြစ်သူကို ငရဲပြည်ပို့လိုက်တဲ့ ယမမင်းက သူ့ကားပေါ်မှာပါလာတယ်ဆိုတာ သိဟန်မတူပါဘူး။ ဗုံးပေါက်ကွဲတဲ့အကြောင်းရင်းကို သူတို့ ဝေဖန်သုံးသပ်ကြရင်း အောင်မျိုးအေးကလည်း ကားကို သတိထားမောင်းနေတယ်။ သူ့တပ်ကိုမြန်မြန်ပြန်ရောက်ဖို့လည်း စိတ်စောနေဟန်တူပါတယ်။ သူကတော့ ဗုံးတလုံး ထဲနဲ့ သားအဖ ၂ ယောက်လုံးကို ချွေလိုက်ရလို့ ပီတိဖြစ်နေတယ်။
မနက်ဖြန်ဆိုရင် သတင်းတွေထဲမှာ ဝေေ၀ဆာဆာနဲ့ ပါလာတော့မယ်။ သူတို့အာဏာရှင်လောက ကတော့တုန်လှုပ်သွားပြီး အဖိနှိပ်ခံ မြန်မာပြည်သူတွေကတော့ ၀မ်းမြောက် ၀မ်းသာဖြစ်ကုန်ကြလိမ့်မယ်။ စိတ်မကောင်းတာက မဆိုင်တဲ့သူတွေကို ဖမ်းဆီးတော့မှာ သေချာနေတာကိုပါပဲ။ ဒါပေမယ့် အာဏာရှင်တွေ တယောက်ပြီး တယောက် သုတ်သင်နိုင်လေ သူတို့ အာဏာတံတိုင်းကြီး ပြိုလဲဖို့ သေချာလေပဲ မဟုတ်လား။ စစ်ဆေးမှုတွေနေရာတိုင်းတွေ့ရပေမယ့် အောင်မျိုးအေးကျေးဇူးကြောင့် ချောချောမောမောနဲ့ သူအိမ်ပြန်ရောက်ခဲ့တယ်။ ၈း ၁၅ ဘီဘီစီသတင်းမှာတော့ ဗုံးကွဲတဲ့သတင်းကို ဦးဦးဖျားဖျားထုတ်လွှင့်လိုက်တာ ကြားလိုက်ရတယ်။ သူ့နားထဲမှာတော့ အဲဒီအသံဟာ သကာရည်လောင်းထားတဲ့ အသံတခုလို့ ချိုမြိန်တဲ့ အရသာအပြည့်ရှိနေ သလို ခံစားမိလိုက်တယ်။ ဒါပေမယ့် ဒီအာဏာရှင်တယောက် သေသွားရုံနဲ့တော့ သူတို့ တိုက်ပွဲက မပြီးဆုံးသေးဘူး သူတို့ နောက်ထပ် တိုက်ပွဲသစ်တွေအတွက် ဆက်လက် ချီတက်တိုက်ပွဲတွေ ဆက်ရဦးမယ်လေ … … …။
ပြီးပါပြီ
နေပြည်တော်ဘခက်

0 comments: