Tuesday

တော်ဝင်စစ်သည်တော်များရဲ့ ညနေခင်းစကားဝိုင်း (၁)


ကျွန်တော်တို့ ဘလော့ဂ်အသစ်တခု လွှင့်တင်ခွင့်ရတဲ့အတွက် ၀မ်းသာမိသလို၊ အားလုံးဖတ်စေချင်ပေမယ့်လည်း “သတ္တိမဲ့သော မီဒီယာကို အလွန်ကြောက်သော အာဏာရူးစစ်အုပ်စုတစု” ကြောင့် ပြည်တွင်းက လူတွေကတော့ အင်တာနက် စာမျက်နှာတွေကို လွတ်လွတ်လပ်လပ် ဖတ်ခွင့်မရကြတဲ့အကြောင်း ကျွန်တော်တို့ ကြားသိရတဲ့ အတွက်တော့ စိတ်မကောင်းပါခင်ဗျား။
အဲဒီတော့လည်း ပြည်တွင်းကလူတွေ ဖတ်ခွင့်မရပေမယ့်လည်း ပြည်ပက ချစ်မိတ်ဆွေတွေနဲ့ ရုရှားအပါအ၀င် အာဏာရှင်နဲ့ အလွမ်းသင့်တဲ့ နိုင်ငံတချို့မှာ စာသွားသင်နေကြတဲ့ မသိနားမလည်တဲ့ ညီငယ်စစ်ဗိုလ်လေးတွေရော၊ သိနားလည်ပြီးမှ အာဏာရှင်ကို အလုပ်အကျွေးပြုနေတဲ့ အာဏာရူး လက်သစ်လေးတွေရော သိစေဖို့ ဒီအခန်းကဏ္ဍလေးကို ဖွင့်လှစ်ဖြစ်ပါတယ်။ ဒီမိုကရေစီကို လူလိုနားလည်ပြီး နိုင်ငံရေးစနစ်ကို အဆင့်မြင့်မြင့်သိရှိထားသူတွေအဖို့ ကျွန်တော်တို့ ပေါ့ပေါ့ပါးပါးဆွေးနွေးဖြစ်တဲ့ စကားဝိုင်းအပေါ် စိတ်မကွက်မိစေဖို့ ကြိုတင်တောင်းပန်လိုပါတယ်။ ဆိုလိုတာက ကျွန်တော်တို့တွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာကို အမျိုးမျိုး အပုပ်ချ နေတဲ့သူတွေကို လူပိန်းအဆင့်လောက်ပဲ သိသွားအောင် စိတ်အညောင်းပြေ ဆွေးနွေးပြောဆိုခြင်းမျိုးပါပဲ။
တနေ့က မိတ်ဆွေဘလော့ဂ်တွေကို အလည်သွားရင်း Ultimate Fighters ဆိုတဲ့ ဘလော့ဂ်ထဲ့မှာ ဆောင်းပါးရှင် ကိုဂျွန်ရေးထားတဲ့ “ကလေးလူငယ်တွေအတွက် စာပေ လိုအပ်ချက်” ဆိုတဲ့ ဆောင်းပါးတပုဒ်ကို သတိပြုဖတ်မိပါတယ်။
(ဖတ်ချင်ရင် http://ultimateburmafighter.blogspot.com/ )
အဲဒီထဲမှာ ပညာရေးစနစ်နိမ့်ပါးလာတာနဲ့ ပတ်သက်ပြီး လူထုအုံကြွမှုအထိ ဖြစ်လာရတာကို သူကပြောပြသွားပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ အသက် (၃၀) ကျော် အရွယ်တွေ ကတော့ မဆလခေတ်ကို ကောင်းကောင်းမီပြီး ပညာရေး လူမှုရေးတွေ နိမ့်ပါးဆုံးရှုံးရတာကို ကောင်းကောင်း သတိထားမိခဲ့ကြမှာပါ။ ဒီနေ့ အသက် (၂၀) ကျော် အရွယ်တွေကတော့ နီးစပ်သူတွေထဲကပဲပြောပြမှ အဲဒီအကြောင်းတွေကို သိရမှာပါ။ ထား ပါ . . . ကျွန်တော်ဆိုလိုချင်တာက အဲဒီတုန်းက လူငယ်တွေက သတ္တိကောင်းကောင်းနဲ့ မှားရင်မှားတယ်၊ မှန်ရင်မှန်တယ်လို့ ရဲရဲရင့်ရင့် ဆုံးဖြတ်ခဲ့ကြပြီး အာဏာရှင် တပါတီစနစ် ကို တွန်းလှန်ခဲ့ကြတာပါ။ ပါလီမန်ခေတ် ပညာရေးစနစ်ကောင်းချိန်က ပညာတတ် နောင် တော် အမတော်တွေနဲ့ ပညာရေးနိုင်ငံရေး ကောင်းမွန်သစ်လွင်မှုကို လိုလားကြတဲ့ ညီငယ် နှမငယ်တွေပူးပေါင်းပြီး တွန်းလှန်ခဲ့ကြလို့ တကမ္ဘာလုံး သိခဲ့ပြီး အောင်မြင်မှုတွေရခဲ့တဲ့ ၈၈၈၈ လူထုအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာပါ။
အခုဘာတွေ ကွာသွားပြီလဲ …
ဒီမေးခွန်းကို ကျွန်တော်ဖြေပါ့မယ်။
လက်နက်နဲ့ ဖိနှိပ်လို့ အသက်တွေဆုံးရ၊ ထောင်ထဲမှာနှိပ်စက်ခံရပေမယ့်လည်း လူထုတွေရဲ့ သတ္တိကိုတော့ ဘယ်တော့မှ ချိုးနှိမ်လို့ မရတော့ပါဘူး။
ပထမဆုံး ကျောင်းသားတွေ စတောင်းတာက ပညာရေးစနစ်ကောင်းဖို့ပါ။ အဲဒီလို တောင်းရကောင်းလားဆိုပြီး ကျောင်းသားအခွင့်အရေးတွေကို ချိုးနှိမ်လာလို့ တဆင့်တိုးပြီး ပြည်သူတွေပါ ပါဝင်လာတဲ့ ပြည်သူ့အရေးတော်ပုံကြီး ဖြစ်လာခဲ့ရတာပါ။
ကျောင်းသားဘ၀ကနေမှ နိုင်ငံခေါင်းဆောင်ဆိုတာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို တိုးတက်ဖို့ စဉ်းစားတွေးခေါ် လုပ်ကိုင်ဆောင်ရွက်တာကလည်း ကျောင်းသားတွေထဲက ပါပဲ။ အထင်ရှားဆုံး ဥပမာက ဗိုလ်ချုပ်အောင်ဆန်းပါ။ နိုင်ငံခေါင်းဆောင်ဖြစ်ဖို့ ဆိုတာကလည်း ကျောင်းသားဘ၀ ကတည်းက ခေါင်းဆောင်ဖြစ်ဖူးမှပါ။ ကျောင်းသား ဘ၀မှာ ထားရာနေ စေရာသွား ခိုင်းတဲ့ စာကိုအလွတ်ကျက် ခပ်ကုပ်ကုပ်နဲ့ ဘယ်သူနဲ့မှ လည်း အပေါင်းအသင်းမလုပ်နိုင်ဘဲ နေတဲ့သူမျိုးဟာ ဘယ်နည်းနဲ့မှ ခေါင်းဆောင်မဖြစ် ထိုက်ပါဘူး။ အဲဒီလိုမျိုးတွေမဖြစ်ရ အောင် ကျောင်းသားသမဂ္ဂဆိုတာ ပေါ်လာတာဖြစ်ပါ တယ်။ အဲဒီကမှ ကျောင်းသားနဲ့ဆိုင်တဲ့ အရေးကိစ္စတွေဆွေးနွေးကြ၊ ပညာရေးနဲ့ဆိုင်တာ တွေ ဆွေးနွေးကြနဲ့ အင်မတန်မှ ပျော်စရာလည်းကောင်း အကျိုးကျေးဇူးလည်း ရှိလှပါ တယ်။ ဒါပေမယ့် ကျောင်းဆိုတာနဲ့ အင်မတန်ဝေးလှတဲ့ ဦးနေ၀င်းဟာ ၁၉၆၂ ခုနှစ်မှာ ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဖြိုချဖျက်ဆီးခဲ့ပါတယ်။ အဲဒီနောက်တော့ ဗမာပြည် ပညာရေးလည်း အ၀ီစိကိုဆိုက်တော့ တာပါပဲ။ ဒီနေရာမှာ ကျွန်တော့်ကို ကန့်ကွက် လာစရာအကြောင်းရှိပါတယ်။ တော်တဲ့ တတ်တဲ့သူ တယောက်တလေကို လက်ညှိုးထိုးပြီး ကျွန်တော့်ကို ပြောဆိုလာခဲ့ရင်၊ ဗမာပြည်တွင်းမှာရှိတဲ့ တက္ကသိုလ်တွေကို လက်ညှိုးထိုး ပြခဲ့ရင်... “ပညာရေးဆိုတာ ဗမာတပြည်လုံးမှာရှိတဲ့ ကျောင်းသားအရွယ်တွေ အားလုံးတတ်ဖို့အတွက်၊ တော်ဖို့အတွက်လို့ ဆိုချင်တာပါပဲ၊ ကျောင်းသား (၁၀၀၀) ရှိတဲ့အတန်းမှာ ကျောင်းသား (၁) ယောက်ထဲပဲ စာကိုသိနေတာမျိုးတွေ၊ ကျောင်းသား (၁၀၀၀) ရှိတဲ့အတန်းမှာ ကျောင်းသား (၁၀၀၀) လုံး စာမတတ်ဘဲ စာမေးပွဲအောင်နေတာ မျိုးတွေဟာ ပညာရေးကောင်းတယ်လို့ လုံးဝမဆိုနိုင်ပါဘူး”။ အဲလိုပဲ တက္ကသိုလ်တွေ ဖောင်းပွနေတာကိုလည်း ပညာရေးကို အလေးပေးတယ်လို့မဆိုနိုင်ပါဘူး။ အဓိကက ဗမာတပြည်လုံးမှာရှိတဲ့ ကျောင်းသားတိုင်းက ပညာတတ်ရမယ်လို့ ဆိုလိုတာပါ။
အဲဒီလို အားလုံးပညာတတ်ဖို့ဖိုရင် ဘာလိုမလဲ။ အဖြေက ဒီမိုကရေစီစနစ်ပါ။ ဒီမိုကရေစီစနစ်ကသာ ကျွန်တော်တို့ လိုချင်တာတွေကို ဖြည့်ဆည်းပေးမှာပါ။ ခုနက ကျွန်တော်ပြောသလို ကျောင်းသားဘ၀မှာ ခေါင်းဆောင်မဖြစ်ခဲ့သူဟာ နိုင်ငံ့ခေါင်းဆောင် ဖြစ်ထိုက်ခွင့်မရှိပါဘူး။ နောက်တခုက ကြောက်တတ်တဲ့ မိဘက မွေးလာတဲ့ သူတွေ ကလည်း သတ္တိနည်းတဲ့အတွက် အဲလိုလူမျိုးတွေက ဘယ်နေရာမှာပဲဖြစ်ဖြစ် သူရဲဘော ကြောင်ပါတယ်။
ဥပမာ - ရုရှားမှာ စာသင်နေတဲ့ထဲက (အားလုံးမပါဝင်ပါ) စစ်ဗိုလ်လေးတချို့ ဆိုပါတော့။ သူတို့ရဲ့ ဘလော့ဂ်ကပြောစကားအရဆိုရင် နိုင်ငံတော်ကလွှတ်တဲ့ နောင် တခေတ်ရဲ့ အောင် စစ်သည်များဆိုတော့ နိုင်ငံ့ခေါင်းဆောင်ပိုင်းကို တနေ့နေ့တချိန်ချိန်မှာ တာဝန်ယူမည့် သူများလို့ဆိုနိုင်ပါတယ်။ ကောင်းပြီ သူငယ်စဉ်က ဘယ်လိုကျောင်း တက်ခဲ့သလဲ။ သေချာတာကတော့ သူ့အရွယ် ၂၃၊ ၂၄၊ ၂၅ ဆိုရင် ၈၈၈၈ အရေးတော် ပုံကြီးတုန်းက သူ့အသက် ၂နှစ် ၃ နှစ်ပေါ့။ သူ့ကို သူ့မိဘက ပထမဆုံးသွန်သင်လိမ့်မယ် “သား စာကိုပဲသင်၊ ကျောင်းမှာ ဘာလုပ်လုပ် မပါနဲ့၊ DSA ၀င်အောင်လုပ်”။ “နိုင်ငံရေးနဲ့ ပတ်သက်ရင် အဖမ်းခံရမယ်၊ ကျောင်းထုတ်ခံရမယ်” စသည်ဖြင့်ပေါ့။ ကျွန်တော်ကြားဖူးတဲ့ မိဘတယောက်ရဲ့ ပြောစကားက အဲဒီထက်တောင်များပါတယ်။ ဒါပေမယ့် အနှစ်ချုပ် ကတော့ “သူတို့ကြောက်တတ်သည်” ဆိုတာပါပဲ။ နိုင်ငံရေးဆိုတာ ကိုယ့်အမျိုးသားအရေး ကိုယ့်နိုင်ငံအရေးဆိုတာကို မသိနားမလည်ဘဲ နိုင်ငံရေး ညီမျှခြင်း အန္တရာယ်လို့ လုပ်လိုက် တော့ “အာဏာရူးလက်တဆုပ်စာ၏ခါးပိုက်ဆောင်တပ်သားများ ညီမျှခြင်း သူရဲဘော ကြောင်သူများ” လို့ အဖြေကတန်းထွက်သွားတာပါပဲ။
စစ်ဗိုလ်ဘာလို့ဖြစ်ချင်ရတာလဲ။ ရှင်းပါတယ် အရပ်က ၀ိုင်းငေးရလောက်အောင် ပေါ့။ စစ်ဗိုလ်ဖြစ်ရင် အခွင့်အရေးရမယ်။ အာဏာရှိမယ်။ လုပ်ချင်တာလုပ်ရမယ်။ ၁၈ နှစ် ပြည့်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေနဲ့အတူ ဒီမိုကရေစီနိုင်ငံသာဖြစ်ခဲ့ရင် စစ်ဗိုလ်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကချေသည်၊ ဆိုက်ကားသမား၊ မန်နေဂျာ၊ ရုံးဝန်ထမ်း၊ အရောင်း မြှင့်တင်ရေးသမား၊ ရုပ်ရှင်မင်းသား အားလုံးအတူတူပဲဖြစ်သွားပြီး ကိုယ့်နိုင်ငံအကျိုးကို ညီညီညွတ်ညွတ်ဆောင်ရွက်ကြမှာပါပဲ။ စစ်သားဘ၀ကြိုက်ရင် စစ်သားဆက်လုပ်ပေါ့၊ မကြိုက်ရင် စစ်မှုထမ်းသက်ပြည့်တော့ထွက်ပေါ့။ ဒီဥပဒေကို ဦးနေ၀င်းကိုယ်တိုင် ဖျက်ဆီးခဲ့တာပါပဲ။ အားလုံးစစ်တိုက်တတ်ရင် စစ်သားဆိုတဲ့စိတ်ရှိရင် အာဏာရှင် ဆိုတဲ့စိတ် အာဏာရူးတဲ့စိတ် ဖြစ်လာမှာ မဟုတ်ပါဘူး။ အထင်ရှားဆုံးထဲက အမေရိကန် နိုင်ငံဟာ စစ်မှုမထမ်းမနေရနိုင်ငံပါ။ တခါတလေ လူ့သဘာဝအရ ဖောက်ပြန်ဖြစ်ပေါ် လာတဲ့ သတ်ဖြတ်ပစ်ခတ်မှုကလွဲလို့ ဆန္ဒပြလူအုပ်ကြီးကိုတော့ စစ်တပ်ကအကြမ်းဖက် ဖြိုခွဲတယ်ဆိုတာ မရှိခဲ့ပါဘူး။ တလောဆီတုန်းက ကိုရီးယားမင်းသားတွေ စစ်မှုထမ်းတဲ့ အကြောင်း သတင်းတွေထဲမှာပါလာတော့ ညီငယ်လေးတဦးက “ကျွန်တော်တို့လည်း ကိုယ့်နိုင်ငံအတွက် လူတိုင်းစစ်သားဖြစ်ရင်သိပ်ကောင်းမှာပဲ” လို့ ပြောပြခဲ့ဖူးပါတယ်။ ကျွန်တော်က “မင်းစိတ်ကို ခေတ်ကောင်းတဲ့အချိန်ထိမွေးထား” လို့ပဲ ပြောနိုင်ခဲ့ပါတယ်။
အဲဒီတော့ ကြောက်တတ်တဲ့ မိဘတွေကလည်း မွေးဖွားလာတယ်၊ ပညာသင်ခဲ့စဉ် ကလည်း နိုင်ငံတကာကိုမပြောနဲ့ နောင်တော်အမတွေ လက်ထက်ကလို ဝေဖန်အကြံပြု ဆွေးနွေးငြင်းခုန်ပြီး စာသင်ခဲ့တာလည်းမဟုတ်၊ ကိုယ့်ဘ၀စာသင်ချိန်မှာ “ကျောင်း အားကစား၊ ကြဘမ်းစကားပြောပြိုင်ပွဲ၊ ကျောင်းနံရံကပ်စာစောင်၊ ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားဘ၀တီထွင်ဖန်တီးမှု” စတာတွေနဲ့ ကြီးပြင်းခဲ့ရတာမဟုတ်တဲ့ ညီငယ်လေး တချို့အဖို့ ခေါင်းဆောင်ကောင်းဘ၀နဲ့တော့ ဒီတသက်ဝေးနေမှာအမှန်ပါပဲ။ အဲဒီကြား ထဲကမှ မှန်တာပြောရင် နှုတ်ခမ်းတလန် ပန်းတလန်နဲ့ ရန်တွေ့တတ်တော့ နောင်ကျရင် အမှားကို အမှန်ထင်ပြီး ပြောနေမှာစိုးလို့နဲ့ ကိုယ့်ဘ၀မှန်ကို သိစေဖို့အတွက် ရေးသား လိုက်ရခြင်းပါ။ အသက် ၂၅ တင်မဟုတ်ပါဘူး အသက်သေခါနီးအထိ အမှားကို အမှားမှန်း သိရင် ပြင်ဆင်ချိန်အများကြီးရပါတယ်။ အာဏာရှင်ကို အာဏာရှင်မှန်းမသိလို့ ကိုးကွယ် ဆည်းကပ်မိတာကို အချိန်မီပြင်ဆင်နိုင်ရင် ပြည်သူတွေဖက်က အမြဲတမ်း လက်ကမ်း ကြိုဖို့အသင့်ပါပဲ။ ကောင်းတာကတော့ ကိုယ့်မှာ ကြောက်လွန်းလို့ အကာအကွယ်ရအောင် စစ်ထဲဝင်လာပြီးမှ နည်းနည်းလေးလည်း ပါဝါလေးရှိလာရော ပတ်ဝန်းကျင်ကို စော်ကား မော်ကားလုပ်တာမျိုးကိုတော့ လုံးလုံးကြီး မရှောင်နိုင်သေးရင်တောင် နည်းနည်းချင်း ရှောင် ကြည့်ပါ။ အကျိုးရှိလာပါလိမ့်မယ်။

(အားလုံးကို အရွယ် သုံးပါးမသိစွာဖြင့် စော်ကားနေသော opposite eye မှ ညီငယ်လေး တချို့သို့)

ဘုရင့်နောင်

1 comments:

Anonymous said...

မင်္ဂလာ ကိုဘခက်နဲ့ ရဲဘော်အသိုင်းအ၀ိုင်းများ

လေလုံးထွားရယ် - မတရားမှုရယ်နှင့် ညနေခင်းစကားဝိုင်းကို ဖတ်ရှု့သွားတယ်။ လျှောက်သွားရင်း သူများ စီဗောက်မှာ အကိုရဲ့  နာမည်ကို တွေရင် ထပ်ရောက်လာဦးမယ်။ ကျွန်နော်က လခ့်လုပ်တဲ့အကျင့်မရှိလို့ပါ။
ရေးထားတဲ့ စာတွေကို နှက်သက်တယ်။ ဆက်လက်ပြီး အားထုတ် ကြတာပေါ့

ရွှင်လန်းချမ်းမြေ့ပါစေ...